top of page
Logo-Icon.png

ဂျပန်နိုင်ငံတွင် ၁၂ ထပ်တိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျပိမိရာမှ လမ်းလျှောက်နေသည့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

နာဂိုယာ  ဇူလိုင် ၂၃ ၊ Horizons



ဂျပန်နိုင်ငံအလယ်ပိုင်း၊ နာဂိုယာမြို့ရှိ စည်ကားရာ ဆာကာအဲခရိုင်တွင် ၁၂ ထပ်မြင့် အဆောက်အအုံပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျလာပြီး အောက်တွင် လမ်းလျှောက်နေသည့် အမျိုးသမီးငယ်တစ်ဦးပေါ်သို့ တည့်တည့်ပိမိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက် ၁ နာရီဝန်းကျင်ခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် သူမ၏ သူငယ်ချင်းဖြစ်သူနှင့်အတူ လူသွားစင်္ကြံလမ်းအတိုင်း လမ်းလျှောက်လာစဉ် အဆောက်အအုံပေါ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားက ရုတ်တရက် ပြုတ်ကျလာပြီး ပိမိခဲ့ခြင်းဖြစ်သည်။


အတူပါလာသည့် သူငယ်ချင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အရေးပေါ်ကယ်ဆယ်ရေးဌာနသို့ ချက်ချင်း ဖုန်းဆက်အကြောင်းကြားပေးခဲ့သည်။ ထို့နောက် ပိမိခဲ့သည့် အမျိုးသမီးငယ်ကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သော်လည်း ရရှိထားသော ပြင်းထန်ဒဏ်ရာများကြောင့် သွေးလန့်ကာ (Hemorrhagic shock) နံနက် ၅ နာရီခွဲခန့်တွင် ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။


အဆောက်အအုံပေါ်မှ ပြုတ်ကျခဲ့သည့် အမျိုးသားမှာမူ အသက်ရှင်ကျန်ရစ်သော်လည်း ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသဖြင့် သတိမေ့မြောကာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရသည်။


 လက်ရှိတွင် ဂျပန်ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားသည် တိုက်ပေါ်မှ မတော်တဆ ပြုတ်ကျခြင်းလား သို့မဟုတ် တမင်ခုန်ချခြင်းလား ဆိုသည်ကို သိရှိနိုင်ရန် အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။


Comments


bottom of page