ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ကြီးနိုင်ပြီး ဘီးလင်းနှင့် သံလွင်မြစ်ရေ အတက်ကြမ်းနိုင်၍ ပြည်သူများ အရေးပေါ် ကြိုတင်ပြင်ဆင်ထားရန် သတိပေး
- Horizons News

- Jul 11
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၁ ၊ Horizons

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အများအပြားတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး ဘီးလင်းမြစ်ရေနှင့် သံလွင်မြစ်ရေများ အတက်ကြမ်းနိုင်သည့်အတွက် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အရေးပေါ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် အထူးသတိပေး နှိုးဆော်ထားသည်။
ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းမှစတင်ကာ အထူးသဖြင့် ကရင်ပြည်နယ် ဘားအံခရိုင်၊ မြဝတီခရိုင်နှင့် မွန်ပြည်နယ် ကျိုက်ထိုခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင် တစ်ဝိုက်တို့တွင် မိုးကြီးနိုင်ကြောင်း တွေ့ရှိရသည်။

ထို့အပြင် ကျိုက်ထို၊ ဘီးလင်း၊ ပဲခူး၊ သိမ်ဇရပ်၊ သထုံ၊ ဇင်းကျိုက်၊ ပေါင်၊ ရွှေဂွန်း၊ ပိုင်ကျုံ၊ ဖာပွန်၊ ကမမောင်း၊ ရှမ်းရွာသစ်၊ မြိုင်ကြီးငူ၊ ဘားအံ၊ ဇာသပြင်၊ အိန္ဒု၊ သာမည၊ လှိုင်းဘွဲ့၊ ကျုံးဒိုး၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်မရော၊ မုဒုံ၊ မော်လမြိုင်၊ မုတ္တမ၊ ဘီးလူးကျွန်း၊ သံဖြူဇရပ်၊ ကျိုက္ခမီ၊ အနင်း၊ လမိုင်း၊ ရေး စသည့် ဒေသတစ်ဝိုက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းလာနိုင်ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ကန်သာယာရပ်ကွက်၊ မြေနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရသည်။
ထို့ပြင် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် မူလစိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအောက်သို့ ကပ်လျက် ၇၄၀ စင်တီမီတာအထိ မြင့်တက်လာခဲ့ပြီး နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်သို့ ဆက်လက် မြင့်တက်လာနိုင်ဖွယ်ရှိနေသည်။
လာမည့် ဇူလိုင်လ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ မိုးပိုမိုများပြားလာနိုင်သည့်အတွက် တောင်ကျရေများပြားပြီး ဘီးလင်းမြစ်ရေနှင့် သံလွင်မြစ်ရေများ ပိုမိုတိုးလာကာ ရုတ်တရက် မြစ်ရေမြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် နေ့ညစောင့်ဆိုင်းမနေဘဲ အစားအသောက်၊ ဆေးဝါးများနှင့် အရေးကြီးစာရွက်စာတမ်းများ စသည့် ရေစိုမခံသောပစ္စည်းများကို နောက် ၂၄ နာရီ (ဇူလိုင် ၁၀ ရက်မှ ၁၁ ရက်) အတွင်း အချိန်မီ ကြိုတင်ပြင်ဆင်ထားကြရန် အထူးတိုက်တွန်းထားသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်း လာမည့် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သောင်းရင်းမြစ်ရေ မြင့်တက်လာနိုင်မှုကို အထူးသတိပြု ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။
( Photo - Social Media )



Comments