top of page
Logo-Icon.png

ကလေး-တမူးလမ်းပေါ်ရှိ ကံမ္မကြီးရွာကို စစ်ကောင်စီတပ်က ထပ်မံ မီးရှို့ဖျက်ဆီး

ဇူလိုင် ၂၃ ၊ Horizons



စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နယ်၊ ထင်းဇင်ကျေးရွာအုပ်စုအတွင်းရှိ ကံမ္မကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်တွင် ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိပြီး ကလေး-တမူး လမ်းမကြီးပေါ်တွင် တည်ရှိသော အဆိုပါကျေးရွာကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။


ယင်းသို့ ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၂၁ ရက် ည ၈ နာရီကျော်တွင် တစ်ကြိမ်၊ ယနေ့ နံနက်ပိုင်းတွင် တစ်ကြိမ် နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။


ယခုကဲ့သို့ စစ်ကောင်စီတပ်၏ ဆက်တိုက်မီးရှို့မှုများကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်အများအပြား ပြာကျပျက်စီးခဲ့ရကြောင်း သိရသည်။


"စကစတွေက အိမ်ခြေ ဘယ်လောက်ရှို့တာလဲဆိုတော့ အတိအကျ မပြောနိုင်သေးဘူး၊ အဝေးကနေပဲ မြင်နေရတာဆိုတော့လေ။ တနေ့က ရှို့တာနဲ့ဆိုရင်တော့ အတော်လေးကို ပါသွားလောက်ပြီ" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။


အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူး အာရှလမ်းမကြီးတစ်လျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလကုန်ပိုင်းမှစတင်ကာ ကလေး၊ တမူးနှင့် မော်လိုက်မြို့များမှ စစ်ကြောင်း ၃ ကြောင်းခွဲ၍ ထိုးစစ်ဆင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ယင်းနယ်မြေအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

Comments


bottom of page