ချောက်မြို့နယ်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် PDF ရဲဘော် ၂၀ ဦးအား ဦးညွှတ်ဂုဏ်ပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
- Horizons News

- 6 days ago
- 1 min read
မကွေး ၊ ဇူလိုင် ၁၂ ၊ Horizons

မကွေးတိုင်း၊ ချောက်မြို့နယ်တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များအား အာဇာနည်များအဖြစ် သတ်မှတ်ကာ ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ချောက်မြို့နယ်၊ တောင်သာကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မကွေးခရိုင်မှ PDF ရဲဘော် ၂၀ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရမှုနှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာနက "ကြယ်ဖြူ ၂၀ လုံး" ပါဝင်သည့် ပုံကို ဖော်ပြကာ ယခုကဲ့သို့ ဝမ်းနည်းကြောင်းနှင့် ဦးညွှတ်ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ချောက်မြို့နယ်တိုက်ပွဲ ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များဘက်က တရားဝင် အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဒေသတွင်း သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ ချောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရန် ကြိုးပမ်းရင်း ရဲဘော်များ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး အချို့မှာ ဖမ်းဆီးခံရပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ချောက်မြို့နယ်တိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များ အစုလိုက်အပြုံလိုက် ကျဆုံးခဲ့ရမှုအပေါ် အခြားဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် PDF အလံကို တိုင်တစ်ဝက် လွှင့်ထူခြင်းနှင့် သေနတ်ပစ်ဖောက် အလေးပြုခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
ကျဆုံးရဲဘော်များအတွက် သေနတ်ပစ်ဖောက် အလေးပြုပွဲ ပြုလုပ်ခဲ့သည့် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူတစ်ဦးက "မကွေးတိုင်း၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အများအပြား ထိခိုက်ကျဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်အတွက် ကျနော်တို့ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ များစွာ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်" ဟု ပြောဆိုကာ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကျဆုံးရဲဘော်များကို တိုင်တည်၍ ကတိသစ္စာပြုခဲ့သည်။
အလားတူ PDF ဗျူဟာ (၃၃) မှ ဗျူဟာမှူး ရဲဘော်စောဒါးကိုကလည်း "နောက်ဆုံး ကျန်တဲ့ ကျည်ဆံတစ်တောင့်အထိ ငါတို့ ခုခံတော်လှန်ကြမယ်... ဒီစစ်ပွဲဟာ ငါတို့မျိုးဆက် နောက်ဆုံးဖြစ်ပါစေ" ဟု ရေးသားကာ ချောက်တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသည့် ရဲဘော်များကို လေးနက်စွာ အလေးပြုကြောင်း ဖော်ပြထားသည်။



Comments