ချင်းတောင်ပိုင်းကို စစ်ကောင်စီက အင်အား ၃,၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး လေကြောင်းမှ အကြိမ် ၃၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ထား
- Horizons News

- 4 days ago
- 1 min read
ချင်း ၊ ဇူလိုင် ၁၄ ၊ Horizons

ချင်းပြည်နယ်တောင်ပိုင်းဒေသကို စစ်ရေးအရ ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီတပ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များနှင့် တပ်မအသီးသီးမှ ထုတ်နှုတ်အင်အား ၃,၀၀၀ ခန့် အသုံးပြုကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
စစ်ကောင်စီသည် ယခုထိုးစစ်အတွက် စကခ (၂)၊ (၁၄)၊ (၁၈) နှင့် တပ်မ (၇၇)၊ (၉၉) တို့အပြင် အခြားတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခမရ (၃၁၆)၊ (၅၁၂)၊ (၅၁၃) နှင့် (၃၀၅) တို့မှ ထုတ်နှုတ်အင်အားများကို စုဆောင်းအသုံးပြုထားခြင်းဖြစ်သည်။ အဆိုပါ စုစုပေါင်း အင်အား ၃,၀၀၀ ကျော်အနက် မင်းတပ်မြို့ဘက်သို့ အင်အား ၁,၇၀၀ ခန့်နှင့် ကန်ပက်လက်မြို့ဘက်သို့ အင်အား ၁,၄၀၀ ခန့် ဖြန့်ခွဲကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခု ဇူလိုင်လ ဒုတိယပတ်အတွင်း မကွေးမြို့နှင့် ပေါက်မြို့တို့မှတစ်ဆင့် ချင်းတောင်တန်းသို့ စစ်ကူပေးမည့် အင်အား ၇၀၀ ခန့်သည်လည်း ဆောမြို့နယ်၊ လောန်းရှည်နှင့် ကျောက်ထုမြို့များသို့ ရောက်ရှိဖြန့်ကျက်ထားပြီး ဖြစ်သည်။ အဆိုပါ စစ်ကောင်စီ၏ ထိုးစစ်ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၊ အာရက္ခတပ်တော် (AA) နှင့် ညီနောင်မဟာမိတ်တပ်များက ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်လျက်ရှိသည်။
မြေပြင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်များ အထိနာနေသဖြင့် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်များ အပါအဝင် စစ်လေယာဉ်မျိုးစုံအသုံးပြုကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ ကျော်အထိ ပြုလုပ်ပြီး ခုခံနေရကြောင်း မကွေးပကဖ တာဝန်ရှိသူက ပြောကြားသည်။
ချင်းတောင်ပိုင်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် တစ်လခွဲကျော်ကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်များ၏ တန်ပြန်ထိုးစစ်များကြောင့် စစ်ကောင်စီ၏ အခြေစိုက်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ စစ်သုံ့ပန်းအချို့နှင့်အတူ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်ထားသည်။
(ဓာတ်ပုံ - ချင်းပြည်နယ်သို့ စစ်ကူသွားသည့် စစ်ယာဉ်တန်းများကို ၂၀၂၃ ခုနှစ်က တွေ့ရစဉ်)



Comments