top of page
Logo-Icon.png

ခေါင်လန်ဖူးဒေသရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း (၂) ခုကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပူတာအို ၊ ဇူလိုင် ၁၄ ၊ Horizons



ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသတွင် စစ်ရေးပြင်ဆင်၍ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်စခန်း (၂) ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၂၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပူတာအို-ခေါင်လန်ဖူးဒေသအတွင်း နေရာယူတပ်စွဲထားသော အဆိုပါ စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များကို KIA တပ်မဟာ (၇) လက်အောက်ခံ အမှတ် (၃၂) တပ်ရင်းမှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဘက်မှ (၂၀) ကျော် သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးမှုများပြားသဖြင့် ကျန်ရှိနေသော တပ်ဖွဲ့ဝင်များမှာ စခန်းများကို စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ "စခန်း ၂ ခုရတယ်။ စစ်တပ်ဘက်က ၂၀ ကျော်သေတယ်။ ပြည်သူ့စစ်တွေကို အရှင်ဖမ်းမိတာလည်းရှိတယ်" ဟု KIA သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။


အဆိုပါ တိုက်ပွဲအပြီးတွင် KIA တပ်ဖွဲ့ဝင်များက စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းများမှ လက်နက် (၁၅) လက်အပြင် ခဲယမ်းမီးကျောက်များနှင့် ရိက္ခာအများအပြားကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


လက်ရှိအချိန်တွင် ခေါင်လန်ဖူးဒေသအတွင်းရှိ စစ်ရေးအခြေအနေများနှင့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို KIA ဘက်က ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။


Comments


bottom of page