top of page
Logo-Icon.png

မြေပုံမြို့နယ်၊ ရက်ချောင်းရေ မြင့်တက်ကာ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး မြေနိမ့်ပိုင်းဒေသခံများ တိမ်းရှောင်နေရ

မြေပုံ ၊ ဩဂုတ် ၇ ၊ Horizons



အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ရက်ချောင်းရေ မြင့်တက်လာမှုကြောင့် ချောင်းကမ်းပါးများ ပြိုကျပျက်စီးခဲ့ပြီး မြေနိမ့်ပိုင်းရှိ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ဆက်လက် တိမ်းရှောင်နေကြရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။



ပြီးခဲ့သည့် ဩဂုတ်လ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ရက်ချောင်းရေမှာ ရုတ်တရက် မြင့်တက်လာခဲ့ပြီး ရက်ချောင်းကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများအတွင်းသို့ ရေများ ဝင်ရောက်နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက အတည်ပြု ပြောဆိုကြသည်။


ထိုသို့ ရေရုတ်တရက် တိုးလာကာ စီးဆင်းမှု အရှိန်ပြင်းထန်ခဲ့ခြင်းကြောင့် ရက်ချောင်းရွာအတွင်းရှိ ကယုချောင်းကမ်းပါးမှာ (၅) ပေခန့်အထိ ရေတိုက်စားခံခဲ့ရပြီး ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် ရက်ချောင်းကျေးရွာတွင်းသို့ ရေဝင်ရောက်မှုများ ရပ်တန့်သွားပြီဖြစ်သော်လည်း၊ ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် ရေဘေးစိုးရိမ်မှုများကြောင့် မြေနိမ့်ပိုင်းရှိ ဒေသခံပြည်သူများမှာ နေအိမ်သို့ ပြန်လည်မဝင်ရောက်နိုင်သေးဘဲ ဘေးလွတ်ရာတွင် ဆက်လက် တိမ်းရှောင်နေကြဆဲ ဖြစ်သည်။


ပြီးခဲ့သည့် ဇူလိုင်လပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာရက္ခပြည်နယ်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် အလွန်အမင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များနှင့် စိုက်ပျိုးမြေများ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

Comments


bottom of page