ခင်ဦးမြို့နယ်တွင် ၅ ရက်အတွင်း လေကြောင်းမှ ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အလုံး ၂၀ ထက်မနည်း ပျက်စီးဆုံးရှုံး
- Horizons News

- 4 days ago
- 1 min read
ခင်ဦး ၊ ဇူလိုင် ၁၄ ၊ Horizons

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၅ ရက်အတွင်း လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ အရပ်သား (၇) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၀) ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် မန္တလေး တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ် နှစ်စင်းသည် ခင်ဦးမြို့နယ်အရှေ့ခြမ်းရှိ ငါးတင်းကြီးကျေးရွာသို့ ရောက်ရှိလာပြီး သုံးကြိမ်တိုင်တိုင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ရာတွင် ဗုံးသီးချခြင်း နှစ်ကြိမ်နှင့် ရော့ကတ်၊ စက်လက်နက်များဖြင့် ပစ်ခတ်ခြင်း တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"မြေပြင်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိပါဘူးဗျ။ ပြည်သူတွေနေထိုင်ရာ နေရာကို လေကြောင်းကနေ တမင်လာရောက်ပြီးတော့ ပစ်ခတ်သွားတာပါ။ ထိခိုက်ဒဏ်ရာရသူတွေကတော့ အမျိုးသား နှစ်ဦး ဖြစ်ပါတယ်။ သူတို့ကတော့ လက်ရှိမှာ ဆေးဝါးကုသမှု ခံယူနေဆဲပါ" ဟု ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်အလုံး (၂၀) ခန့် မီးလောင်ပြာကျခဲ့ပြီး စက်သုံးဆီပေပါများ၊ မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ယခုတစ်ကြိမ်တည်း မဟုတ်ဘဲ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း မြို့နယ်အနောက်ခြမ်းရှိ သာဝတ္ထိကျေးရွာကို အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ (၅) ဦး ဒဏ်ရာရရှိခဲ့သေးသည်။ ထို့ကြောင့် ၅ ရက်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ခင်ဦးတွင် အရပ်သား (၇) ဦးအထိ ဒဏ်ရာရရှိလာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် မေလနှင့် ဇွန်လများအတွင်းကလည်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးတစ်လျှောက်ရှိ စည်ပုတ္တရာကျေးရွာ အပါအဝင် အခြားကျေးရွာများကို ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ သက်ကြီးရွယ်အိုများနှင့် ဒေသခံ (၆) ဦးထက်မနည်း သေဆုံးကာ နေအိမ် (၂၀) ကျော် ပျက်စီးခဲ့ရသည်။ မြေပြင်စိုးမိုးမှု လျော့နည်းလာသည့် စစ်ကောင်စီသည် ယင်းဗျူဟာလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် လေကြောင်းအင်အားကို အလွန်အကျွံ အသုံးပြုလာခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် မေလအထိ ၅ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း (၅,၅၀၀) ကျော် (အကြိမ်ရေအားဖြင့် ၁၂,၀၀၀ ကျော်) ပြုလုပ်ခဲ့သည်။
အဆိုပါ စနစ်တကျ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ် (၇၆၀) ဦး အပါအဝင် အရပ်သားပြည်သူ (၅,၇၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီး (၉,၅၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



Comments