ခရီးသွားမြို့တော်မှ “လူဖမ်းပွဲတော်” နှင့် ပြန်ပေးဆွဲငွေညှစ်ကွင်းဆက် - ပုဂံ-ညောင်ဦးဒေသ၏ မှောင်မိုက်သော နေ့ရက်များ
- Horizons News

- 3 days ago
- 1 min read
ညောင်ဦး ၊ ဇူလိုင် ၁၅ ၊ Horizons

ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားခဲ့ဖူးသော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ-ညောင်ဦးသည် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ၏ ပေါ်ပေါ်တင်တင် လူဖမ်းငွေညှစ်ရာ ဇုန်တစ်ခုအဖြစ် ပြောင်းလဲနေသည်။
စစ်မှုထမ်းဥပဒေကို အသုံးချ၍ အရပ်သားလူငယ်များနှင့် နေ့စားအလုပ်သမားများကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀၀ မှ ၄၀၀ အထိ ပြန်ပေးငွေတောင်းခံနေပြီး ငွေမပေးနိုင်ပါက ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေကြောင်း မြို့ခံသတင်းရင်းမြစ်များက အတည်ပြုသည်။
ဤဖြစ်စဉ်သည် ရိုးရိုးစစ်မှုထမ်းစုဆောင်းခြင်းထက် အခြေခံလူတန်းစားများကို ပစ်မှတ်ထားကာ ငွေကြေးရှာဖွေနေသည့် စနစ်တကျ ပြန်ပေးဆွဲမှုလုပ်ငန်းတစ်ခုကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မြို့တွင်း၌ စစ်ဆေးရေးဂိတ်များဖြင့် ဖမ်းဆီးရုံတင်မကဘဲ လူငယ်များ ရှိနိုင်မည့် နေရာမျိုးစုံကို အိမ်စီးကားများ အသုံးပြုကာ ဝင်ရောက်စီးနင်း ဖမ်းဆီးနေကြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် သူဌေးဂူဘုရားအနီး ပန်းရံလုပ်ကိုင်နေစဉ် မောင်မျိုးသက်ဝေကိုလည်းကောင်း၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် မဏိစည်သူဈေးအနီး လမ်းပေါ်၌ မောင်ပြည့်ဖြိုးမောင် (ခ) ကိုဖြိုးကိုလည်းကောင်း၊ ဇွန်လ ၄ ရက်နေ့တွင် ပဉ္စရူပတည်းခိုခန်းအနီး မိန်းလမ်းမပေါ် သွားလာနေစဉ် မောင်စည်သူမောင်ကိုလည်းကောင်း၊ ဇွန်လအတွင်း မိုးကုတ်ဝိပဿနာရိပ်သာရှေ့ ပုဂံမြို့သစ်အရှေ့ဘက်တွင် မောင်ဟန်မင်းစိုးကိုလည်းကောင်း အိမ်စီးကားများဖြင့် ဖမ်းဆီးခဲ့သည့်အပြင် မေလအတွင်းကလည်း နေ့စားအလုပ်သမားများနှင့် မိလ္လာကျင်းတူးသူများကို လုပ်ငန်းခွင်အတွင်း လူအများရှေ့တွင် ဝင်ရောက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုးရွားဆုံး ဖြစ်စဉ်တစ်ခုမှာ ဇွန်လအတွင်းက နာရေးပို့ဆောင်နေသည့် အမျိုးသားများကိုပါ နေ့ခင်းကြောင်တောင် ဝင်ရောက်ဖမ်းဆီးခဲ့သဖြင့် အမျိုးသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အမျိုးသမီးများကသာ နာရေးကို ဆက်လက်ပို့ဆောင်ခဲ့ရသည်။
ဖမ်းဆီးခံရသူတစ်ဦးလျှင် ပြန်လည်ရွေးရန်အတွက် ငွေကျပ် သိန်း ၂၀၀ မှ ၄၀၀ အထိ ပေါက်ဈေးသတ်မှတ်ကာ တောင်းခံနေသောကြောင့် ဒေသတွင်း၌ လူတန်းစား ကွာဟချက်အလိုက် ကံကြမ္မာနှစ်ခု ဖြစ်ပေါ်နေသည်။
ငွေကြေးတတ်နိုင်သူ မိသားစုများက ပိုင်ဆိုင်မှုများရောင်းချကာ ငွေချေး၍ ရွေးထုတ်နိုင်ပြီး စစ်ဘေးလွတ်ရာ ပြည်ပနိုင်ငံများသို့ ချက်ချင်း အမြန်ဆုံး ထွက်ခွာခိုင်းနေကြသော်လည်း အခြေခံလူတန်းစားများကမူ ငွေမပေးနိုင်သည့်အပြင် ပြည်ပထွက်ပြေးရန် လမ်းစမရှိသဖြင့် ရှေ့တန်းစစ်မြေပြင်သို့ အပို့ခံနေရသည်။
အဆိုပါ နာရေးဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများအနက် စစ်တပ်နှင့် ပတ်သက်သူ (၂) ဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်အခြေခံလူငယ်အားလုံး ရှေ့တန်းအပို့ခံခဲ့ရကြောင်း သိရသည်။
ယခုကဲ့သို့ စစ်သားစုဆောင်းရေး အကျပ်ကိုင်မှုများကြောင့် ပုဂံ-ညောင်ဦး၏ ဒေသစီးပွားရေးမှာ လုံးဝရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်။ "တစ်ရက်ကို ၃ ယောက်ကနေ ၂၀ အထိ ဖမ်းခံနေရတော့ အခြေခံလုပ်သားတွေ အလုပ်မဆင်းရဲကြတော့ဘူး။ ဟိုတယ်နဲ့ စားသောက်ဆိုင် ဝန်ထမ်းတွေလည်း ကြောက်နေကြရတယ်" ဟု မြို့ခံတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ခရီးသွားနည်းပါးသည့် ရာသီ (Low Season) ဖြစ်သည့်အပြင် ဗျတ္တပန်းဆက်လမ်းပိုင်း၌ ပြန်ပေးဆွဲမှု သတင်းများကြောင့် ခရီးသွား လုံးဝမရှိသလောက် နည်းပါးနေသည်။
၎င်းအပြင် စစ်တပ်၏ ပေါ်တာဆွဲမှုများပါ ထပ်မံဆိုးရွားလာသောကြောင့် လူငယ်များ မြို့တွင်းမှ ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီး ပုဂံနှင့် ညောင်ဦးမြို့မ လမ်းမများပေါ်တွင် လူသူကင်းမဲ့ကာ ခြောက်ကပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။



Comments