ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား (၂) ဦး သေဆုံးပြီး ဈေးဆိုင်များ ပျက်စီး
- Horizons News

- 1 day ago
- 1 min read
ညောင်လေးပင် ၊ ဇူလိုင် ၁၇ ၊ Horizons

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး ဈေးဆိုင် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မူးမြို့နယ်အတွင်းရှိ ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနှင့် မီးရထားကျေးရွာများပေါ်သို့ ဗုံးသီးအလုံး (၂၀) ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် မီးရထားကျေးရွာမှ အသက် (၅၇) နှစ်အရွယ် နော်ဘွေဖောနှင့် အသက် (၅၆) နှစ်အရွယ် နော်လေးဝါးတို့ ဗုံးဒဏ်သင့်ကာ သေဆုံးခဲ့ရပြီး ဒေသခံပြည်သူများဖြစ်သည့် စောဆဲမူနှင့် စောလါးမူတို့၏ ဈေးဆိုင် (၂) လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ ၎င်းဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာများသည် တိုက်ပွဲဖြစ်ပွားခြင်း သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများ မရှိသည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများဖြစ်ပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ ဆက်တိုက်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် အသက်အန္တရာယ် စိုးရိမ်ကြောက်ရွံ့မှုများဖြင့် နေထိုင်နေရပြီး ဒေသတွင်း၌ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာနေကြောင်း သိရသည်။













Comments