ဂါဇာကမ်းမြောင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ယူရို ၁ ဒသမ ၆ ဘီလီယံခန့် ကူညီမည့် "Team Gaza Initiative" အစီအစဉ်ကို ဥရောပကော်မရှင် စတင်
- Horizons News

- 3 days ago
- 1 min read
ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၅ ၊ Horizons

စစ်ဘေးသင့် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်ထူထောင်ရေးနှင့် ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် ဥရောပကော်မရှင်နှင့် မိတ်ဖက်နိုင်ငံပေါင်း ၁၆ နိုင်ငံကျော် ပူးပေါင်းကာ ယူရို ၁ ဒသမ ၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်) ပေးအပ်မည့် "Team Gaza Initiative" အစီအစဉ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အစီအစဉ်စတင်ခြင်း အခမ်းအနားသို့ ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် မူစတာဖာ၊ မြေထဲပင်လယ်ရေးရာ ဥရောပကော်မရှင်နာမင်းကြီး ဒူဘရာကာ ဆွီဒင်နှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုစတင်လိုက်သည့် "Team Gaza Initiative" အစီအစဉ်တွင် ရေနှင့် မိလ္လာစနစ်များ ပြန်လည်တည်ဆောက်ခြင်းနှင့် စစ်ဘေးကြောင့် ပျက်စီးသွားသော အပျက်အစီးများကို ပြန်လည်ထူထောင်ပေးခြင်းစသည့် စီမံကိန်းများကို အဓိကထား ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရန်ပုံငွေပံ့ပိုးမှုတွင် ကမ္ဘာ့ဘဏ်နှင့် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်တို့အပြင် စပိန်၊ ဒိန်းမတ်၊ ဗြိတိန်၊ ဂျာမနီ၊ နော်ဝေ၊ ဖင်လန်၊ အီတလီ၊ နယ်သာလန်၊ ပြင်သစ်၊ ဂျပန်၊ ဆွီဒင်၊ ဆလိုဗေးနီးယားနှင့် ဘယ်လ်ဂျီယံ စသည့် မိတ်ဖက် ၁၆ နိုင်ငံကျော် ပါဝင်ကြပြီး ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့လည်း ပူးပေါင်းပါဝင်လာရန် မျှော်လင့်ထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့နှင့် အစ္စရေးတို့အကြား ပဋိပက္ခသည် ယခုအခါ အချိန်ကြာမြင့်လာပြီဖြစ်ပြီး ဂါဇာဒေသတစ်ခုလုံးမှာ အပျက်အစီးများဖြင့်သာ ကျန်ရစ်ခဲ့သည်။ အစ္စရေး၏ လေကြောင်းနှင့် မြေပြင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူဦးရေ ၂ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုမှာ ဟားမတ်စ်တို့ အုပ်ချုပ်သည့် ကမ်းရိုးတန်းဒေသရှိ တဲအိမ်များ (သို့မဟုတ်) ပျက်စီးနေသော အဆောက်အအုံများတွင် ခိုလှုံနေကြရသည်။
ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုများအရ ဂါဇာကမ်းမြောင်ဒေသ တစ်ခုလုံးကို ပြန်လည်တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံခန့်အထိ ရှိနိုင်ကြောင်း သိရှိရသည်။



Comments