ဂါဇာတွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၀၀ ကျော်၏ ရုပ်အလောင်းများကို အစုလိုက်အပြုံလိုက် သဂြိုဟ်
- Horizons News
- 2 days ago
- 1 min read
ဂါဇာ ၊ ဩဂုတ် ၅ ၊ Horizons

ဂါဇာစစ်ပွဲ စတင်ခဲ့သည့် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှောင်းပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပါလက်စတိုင်း အရပ်သား (၁၁၂) ဦး၏ ရုပ်အလောင်းများကို အဆောက်အအုံ အပျက်အစီးများအောက်မှ ပြန်လည်တူးဖော်ရရှိခဲ့ပြီးနောက် ဩဂုတ်လ (၄) ရက်နေ့တွင် အစုလိုက်အပြုံလိုက် မြေမြှုပ်သဂြိုဟ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းများကို ပြိုကျနေသည့် အဆောက်အအုံ အပျက်အစီးများအောက်မှ သီတင်းနှစ်ပတ်ကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက်မှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုသဂြိုဟ်ပွဲသည် ဂါဇာဒေသအတွင်း ပြုလုပ်ခဲ့သမျှသော အစုလိုက်အပြုံလိုက် သဂြိုဟ်ပွဲများအနက် အကြီးမားဆုံးသော သဂြိုဟ်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
သေဆုံးသွားသူများထဲတွင် အဘူ ရှာရီယာ (Abu Shariya) နှင့် ဟာဆိုင်းနား (Hassayna) မိသားစုများမှ ကလေးငယ် (၄၄) ဦး၊ အမျိုးသမီး (၃၈) ဦးနှင့် မသန်စွမ်းသူ (၇) ဦးတို့ ပါဝင်ကြောင်း သိရသည်။ ၎င်းတို့၏ ရုပ်အလောင်းများကို ပါလက်စတိုင်းအလံများ ခြုံပေးထားပြီး အချို့ရုပ်အလောင်းများပေါ်တွင် သေဆုံးသူများ၏ ဓာတ်ပုံများကိုပါ တင်ထားသည်ကို မြင်တွေ့ခဲ့ရသည်။
ယင်းမိသားစုဝင်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့က ဂါဇာစီးတီးရှိ ဆာဘရာ (Sabra) ရပ်ကွက်မှ လူနေတိုက်တန်းတစ်ခုကို အစ္စရေးတပ်ဖွဲ့က လေကြောင်းမှ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်အတွင်း အဆောက်အအုံ ပျက်စီးမှုအောက် ပိတ်မိကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်။ အလောင်းများကို ဟားမတ်စ်အဖွဲ့ ထိန်းချုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ (Civil Defence) က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကူညီထောက်ပံ့မှုဖြင့် နှစ်ပတ်ကြာ တူးဖော်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှ လူ (၁,၂၀၀) သေဆုံးပြီး (၂၅၁) ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ စစ်ပွဲကာလအတွင်း ဂါဇာ၌ သေဆုံးသူ စုစုပေါင်း (၇၃,၃၇၇) ဦးထက်မနည်း ရှိလာပြီဖြစ်ကာ အဆိုပါစာရင်းများကို ကုလသမဂ္ဂ (UN) က ယုံကြည်စိတ်ချရသည်ဟု သတ်မှတ်ထားသည်။
လက်ရှိတွင်လည်း ဂါဇာကမ်းမြောင် ဒေသတစ်ဝှမ်းလုံး၌ ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာ ရှိနေသေးပြီး ၎င်းတို့အများအပြားမှာ ပြိုကျနေသည့် အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိကျန်ရစ်နေဆဲဖြစ်ကြောင်း ယူဆရသည်။



