top of page
Logo-Icon.png

ဘန်ကောက်အနီးရှိ စာသင်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနိုင်

ဘန်ကောက် ၊ ဩဂုတ် ၇ ၊ Horizons



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (ဩဂုတ်လ ၇ ရက်) နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကနဦးသတင်းများအရ လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ နွန်သာဘူရီခရိုင်အတွင်းရှိ Debsirin Nonthaburi School ကျောင်းတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဒေသခံမီဒီယာများက ဖော်ပြသည်။


ကနဦးသတင်းများအရ ဒဏ်ရာရသူ (၄) ဦးမှ (၅) ဦးခန့်ရှိကြောင်း သိရသော်လည်း၊ တရုတ်နိုင်ငံပိုင် ဆင်ဟွာ (Xinhua) သတင်းဌာန၏ ဖော်ပြချက်အရ ဒဏ်ရာရသူ (၁၅) ဦးအထိ ရှိနိုင်ကြောင်း သိရသည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်နှင့် ဒဏ်ရာပြင်းထန်မှု အခြေအနေ အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက တရားဝင် အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပေ။


လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူနာတင်ယာဉ်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်နေသည့် ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။ ရဲတပ်ဖွဲ့က ကျောင်းဝန်းအတွင်း လုံခြုံရေး ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး၊ စစ်ဆင်ရေးနှင့်ပတ်သက်၍ တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်မှုများ (Live) မပြုလုပ်ကြရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။


ပစ်ခတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ၎င်း၏ အထောက်အထား၊ ကျူးလွန်ရသည့် အကြောင်းရင်းတို့ကို အာဏာပိုင်များက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ပြည်သူများအနေဖြင့်လည်း အခင်းဖြစ်ပွားရာ ကျောင်းဝန်းအနီးသို့ မလိုအပ်ဘဲ သွားလာခြင်းများ မပြုလုပ်ကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။


(ကိုးကား – Khaosod၊ Xinhua)



Comments


bottom of page