top of page
Logo-Icon.png

ဖိလစ်ပိုင်နိုင်ငံ ဆာရန်ဂါနီကမ်းလွန်တွင် အင်အား (၇ ဒသမ ၀) ရှိ ငလျင်ပြင်း လှုပ်ခတ်၊ ဆူနာမီအန္တရာယ်မရှိဟု ထုတ်ပြန်

မနီလာ ၊ ဩဂုတ် ၅ ၊ Horizons



ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းဒေသတွင် ယနေ့ ဩဂုတ်လ (၅) ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၃ မိနစ်ခန့်က ပြင်းအား ရစ်ခ်ျတာစကေး (၇ ဒသမ ၀) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်စောင့်ကြည့်ရေးဌာန (Phivolcs) က သတင်းထုတ်ပြန်လိုက်သည်။


Phivolcs ၏ ထုတ်ပြန်ချက်အသေးစိတ်အရ အဆိုပါ ငလျင်၏ ဗဟိုချက်သည် ဒါဗာအိုအောက်စီဒန်တယ်ပြည်နယ်၊ ဆာရန်ဂါနီမြို့၏ အရှေ့တောင်ဘက် (၂၄၈) ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ မြေအောက်အနက် (၁၀) ကီလိုမီတာခန့်တွင် လှုပ်ခတ်သွားသည့် တက်တိုးနစ် (Tectonic) ငလျင်အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။


ယင်းငလျင်လှုပ်ခတ်မှုကို ဆာရန်ဂါနီဒေသ၌ ပြင်းအားအဆင့် ၅ (Intensity V) ဖြင့် ခံစားခဲ့ရပြီး မြေပြင်လှုပ်ရှားမှု အားကောင်းခဲ့သော်လည်း လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှု သတင်းတစ်စုံတစ်ရာ မရရှိသေးကြောင်း Phivolcs က ဆိုသည်။ 


ထို့ပြင် အဆိုပါ ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်မရှိကြောင်းနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ (Aftershocks) ထပ်မံဖြစ်ပေါ်ရန်လည်း မမျှော်လင့်ထားကြောင်း သီးခြားထုတ်ပြန်ချက်ဖြင့် အသိပေးထားသည်။


သက်ဆိုင်ရာ အာဏာပိုင်များကလည်း လက်ရှိအချိန်အထိ ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာရန် မျှော်မှန်းထားခြင်းမရှိကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် တရားဝင် သတင်းထုတ်ပြန်ချက်များကိုသာ ဆက်လက်စောင့်ကြည့် လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားသည်။



Comments


bottom of page