ဘင်္ဂလားဒေ့ရှ်ရှိ ပါကစ္စတန်သံအမတ်၏ ဒါကာနေအိမ် မီးလောင်၊ သံအမတ်နှင့် ဇနီး ဆေးရုံတင်ထားရ
- Horizons News
- 4 hours ago
- 1 min read
ဒါကာ ၊ ဩဂုတ် ၇ ၊ Horizons

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ပါကစ္စတန်သံအမတ်ကြီး၏ နေအိမ်ဝင်းအတွင်း ယနေ့ (ဩဂုတ်လ ၇ ရက်) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ ပါကစ္စတန်သံအမတ်ကြီးနှင့် ဇနီးဖြစ်သူတို့ကို ကြိုတင်ကာကွယ်ရေးအဖြစ် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ပါကစ္စတန်သံအမတ်ကြီး အင်မရန် ဟိုင်ဒါ (Imran Haider) ၏ ပြောကြားချက်အရ အဆိုပါ မီးလောင်မှုသည် ယနေ့ နံနက် (၃) နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ လာရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားပြီးနောက် သံအမတ်ကြီးနှင့် ဇနီးဖြစ်သူတို့ကို ဆေးရုံသို့ ပို့ဆောင်ထားခဲ့သော်လည်း၊ လက်ရှိတွင် ၎င်းတို့ နှစ်ဦးစလုံး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ မီးလောင်မှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေများကို တာဝန်ရှိသူများဘက်က တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးဘဲ၊ သက်ဆိုင်ရာ အာဏာပိုင်များက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။