ဂျနီဗာမြို့လူဦးရေထက် များပြားနေသည့် ကချင်စစ်ဘေးရှောင် အကျပ်အတည်းကို နိုင်ငံတကာမှ ချက်ချင်းအရေးယူပေးရန် KHRW တောင်းဆို
- Horizons News

- 6 days ago
- 1 min read
ကချင် ၊ ဇူလိုင် ၁၃ ၊ Horizons

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ဘေးရှောင်အကျပ်အတည်းနှင့် မြန်မာစစ်တပ်၏ နိုင်ငံတကာဥပဒေချိုးဖောက်မှုများအပေါ် နိုင်ငံတကာအသိုက်အဝန်းက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ယနေ့ (ဇူလိုင်လ ၁၃ ရက်) တွင် တောင်းဆိုလိုက်သည်။
KHRW ၏ “လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များ” အမည်ရ အစီရင်ခံစာသစ်အရ ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ပြတစ်ခုလုံးရှိ လူဦးရေထက်ပင် ပိုမိုများပြားကာ (၂၅၀,၀၀၀) နီးပါးအထိ ရှိလာကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ကလေးငယ် (၇) ဦး အပါအဝင် အပြစ်မဲ့ပြည်သူ (၁၃၀) ကျော် သေဆုံးခဲ့ရပြီး၊ ယာယီအပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း၌ပင် ပစ်မှတ်ထားတိုက်ခိုက်မှုပေါင်း (၅၅၀) ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနိုင်ရန် စစ်ဘေးရှောင်များထံ လူသားချင်းစာနာမှု အကူအညီပေးပို့မှုများကို ပိတ်ဆို့ခြင်း၊ မြေပြင်ဖြစ်ရပ်များ နိုင်ငံတကာသို့ မရောက်ရှိစေရန် အင်တာနက်နှင့် မိုဘိုင်းဖုန်းလိုင်းများကို ဖြတ်တောက်ခြင်းအပြင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် စစ်ဘေးရှောင်စခန်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
ယခုကဲ့သို့ နိုင်ငံတကာအစိုးရများ၏ အရေးယူမှုများ နှောင့်နှေးကြန့်ကြာနေခြင်းနှင့် ပတ်သက်၍ KHRW ၏ ပြောရေးဆိုခွင့်ရှိသူ Jacob က မြန်မာစစ်ကောင်စီထံသို့ ရောက်ရှိနေသည့် လေယာဉ်ဆီ၊ လက်နက်၊ ငွေကြေးအရင်းအမြစ်များကို ပိတ်ဆို့အရေးယူရန် နိုင်ငံတကာအစိုးရများက ပျက်ကွက်ခြင်းသည် ကြားနေဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲသတ်ဖြတ်ရန် တက်ကြွစွာ ခွင့်ပြုပေးလိုက်သည့် ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ (EU) တို့အနေဖြင့် စာရွက်ပေါ်တွင်သာ ရှုတ်ချမနေဘဲ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ဆို့ရေး (Global Arms Embargo) ချမှတ်၍ စစ်ကောင်စီထံ လက်နက်စီးဆင်းမှုအားလုံး ချက်ချင်းရပ်တန့်ရန် KHRW က တိုက်တွန်းထားသည်။
ထို့အတူ အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုများကို တားဆီးနိုင်ရန် လေယာဉ်ဆီ တင်သွင်းမှုများကို ပစ်မှတ်ထား ပိတ်ဆို့ရန်နှင့် အများပြည်သူကို တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ကိုယ်တိုင်ကျူးလွန်သူများကို နိုင်ငံတကာတရားရုံးများတွင် ထိရောက်စွာ တာဝန်ခံခိုင်းရန်လည်း တောင်းဆိုထားသည်။
ယခုထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် သာမန်မှတ်တမ်းတင်မှုတစ်ခုမျှသာ မဟုတ်ဘဲ စစ်ကောင်စီ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုများကြောင့် အရပ်သားပြည်သူများ၏ ဘဝများစွာ ရင်းနှီးပေးဆပ်နေရမှုကို မီးမောင်းထိုးပြထားခြင်းဖြစ်ကြောင်း သိရှိရသည်။
Photo - ကချင်ပြည်နယ်တွင် စစ်တပ်၏ လေ ကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားကြသောကလေးငယ်များနှင့်ပြည်သူပုံများ



Comments