ဂွမြို့နယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်းနှင့် အရပ်သားပိုင်ပစ္စည်းများ ထိခိုက်ပျက်စီး
- Horizons News

- 1 day ago
- 1 min read
ဂွ ၊ ဇူလိုင် ၁၈ ၊ Horizons

အာရက္ခပြည် (ရခိုင်ပြည်နယ်)၊ ဂွမြို့နယ်အတွင်းသို့ ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် (၂) စီး အသုံးပြုကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
လေကြောင်းတိုက်ခိုက်မှုကို ယမန်နေ့ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဂွမြို့နယ်၊ ရွှေရချိုင်ကျေးရွာနောက်ဘက်ရှိ ကမ်းခြေအုန်းခြံအတွင်းသို့ ပထမဆုံး ဗုံးတစ်လုံး ကြဲချခဲ့သည်။
ထို့နောက် ညနေ ၄ နာရီ ၅၅ မိနစ်မှ ၅ နာရီ ၃ မိနစ်ဝန်းကျင်အတွင်း အဆိုပါ ရွှေရချိုင်ကျေးရွာရှိ ဒေသခံ ကိုမြတ်သူ ပိုင်ဆိုင်သည့် အုန်းခြံအတွင်းသို့ နောက်ထပ် ဗုံး (၂) လုံး ထပ်မံကြဲချခဲ့သဖြင့် စုစုပေါင်း ဗုံး (၃) လုံးအထိ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေရချိုင်ကျေးရွာရှိ စာသင်ကျောင်းဆောင်၏ နံရံများ ထိခိုက်ပျက်စီးသွားခဲ့ရပြီး ကျေးရွာဒေသခံ ကိုစိုးကျော်သူ ပိုင်ဆိုင်သည့် နွားမတစ်ကောင်လည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးအခြေအနေအရ သိရှိရသည်။
စစ်ကောင်စီတပ်သည် ဂွမြို့နယ်အတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် အရပ်သားပစ်မှတ်များကို ပစ်မှတ်ထားကာ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။









Comments