ဂွမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၍ ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၄ ဦး သေဆုံး
- Horizons News

- Jul 11
- 1 min read
ဂွ ၊ ဇူလိုင် ၁၁ ၊ Horizons

ရခိုင်ပြည်နယ် (အာရက္ခပြည်)၊ ဂွမြို့နယ်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (ULA/AA) က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနှင့် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းနှင့် ပြည်သူများနေထိုင်ရာ နေရာများသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ရက်ရက်စက်စက် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်၊ ပေါက်တူးကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်။
ထို့အပြင် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာသို့ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူများဖြစ်ကြသည့် အသက် ၃ နှစ်အရွယ် မောင်ဖိုးသားလေး၊ အသက် ၅၄ နှစ်အရွယ် ဦးညွန့်မောင်၊ အသက် ၅၃ နှစ်အရွယ် ဒေါ်မမလေးနှင့် အသက် ၃၀ နှစ်အရွယ် ဦးအောင်သူဖြိုးတို့ ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ယင်းအပြင် အသက် ၆၃ နှစ်အရွယ် ဒေါ်သန်းမြနှင့် အသက် ၁၇ နှစ်အရွယ် မဝါဆိုမိုးတို့ နှစ်ဦးမှာလည်း ဗုံးစထိမှန်၍ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရခိုင်ဒေသ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ နေအိမ်များပျက်စီးခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်း စသည့် သဘာဝဘေးအန္တရာယ်ဆိုးများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။
ယင်းသို့ ရေဘေးဒဏ်သင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရချိန်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို လူသားချင်းစာနာမှုကင်းမဲ့စွာဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်ကျူးလွန်နေခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ကောင်းစွာ မှတ်တမ်းတင်ထားကြောင်း ULA/AA က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။
Photo - ULA/AA ပုံစာ - စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ပြည်သူများနှင့် ပျက်စီးသွားသော နေအိမ်အချို့အား တွေ့ရစဉ်







Comments