ဂွမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံး
- Horizons News

- Jul 10
- 1 min read
ဂွ ၊ ဇူလိုင် ၁၀ ၊ Horizons

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာန (APM) ၏ ဖော်ပြချက်အရ သိရပါတယ်။
ယနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်တစ်စင်းသည် ဂွမြို့နယ်၊ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာသို့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
လေကြောင်းမှ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ကုလားချောင်းရွာမှ အသက် ၅၃ နှစ်အရွယ် ဦးညွန့်မောင်၊ အသက် ၅၇ နှစ်အရွယ် ဒေါ်မမလေးနှင့် အသက် ၃ နှစ်အရွယ် ဖိုးသားလေးတို့ သေဆုံးခဲ့ရပါတယ်။ထို့အပြင် အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် အရပ်သားပြည်သူ ၂ ဦးလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်သည် ယနေ့တွင်ပင် ဂွမြို့နယ်အတွင်းရှိ အခြားနေရာတစ်ခုကိုလည်း လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိထားပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်း အတည်ပြုနေဆဲဖြစ်ပါတယ်။
လက်ရှိတွင် ရခိုင်ဒေသ၌ မိုးကြီးခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရချိန်လည်း ဖြစ်ပါတယ်။
ရခိုင်စစ်မျက်နှာတွင် အာရက္ခတပ်တော် (AA) ထံ စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို ဦးတည်ကာ နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။



Comments