စားအုန်းဆီ ခွဲတမ်းဝယ်ယူရာတွင် အိမ်ထောင်စုစာရင်း တောင်းခံနေမှုကြောင့် စစ်မှုထမ်းဥပဒေနှင့် ဆက်စပ်မည်ကို မွန်ပြည်နယ် ဒေသခံများ စိုးရိမ်
- Horizons News

- 3 days ago
- 1 min read
မော်လမြိုင် ၊ ဇူလိုင် ၁၅ ၊ Horizons

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့် ခွဲတမ်းစားအုန်းဆီ ဝယ်ယူရာတွင် အိမ်ထောင်စုစာရင်း မိတ္တူများ လိုက်လံတောင်းခံနေသဖြင့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သိရသည်။
ယခင်က ရပ်ကွက်များအတွင်း စားအုန်းဆီ လိုက်လံဖြန့်ဖြူးရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီတစ်ပိဿာနှုန်းဖြင့် မည်သည့်အထောက်အထားမျှ မလိုဘဲ ဝယ်ယူခွင့်ရရှိခဲ့သည်။ သို့သော် ယခု ဇူလိုင်လဆန်းပိုင်းမှစတင်ကာ ဆီဝယ်ယူလိုပါက အိမ်ထောင်စုစာရင်း မိတ္တူ (၃) စောင်စီ မဖြစ်မနေ ပေးအပ်ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆီဖြန့်ဝေသူများက တောင်းခံလာခြင်းဖြစ်သည်။
ယခုကဲ့သို့ အထောက်အထားများ ကောက်ယူလာခြင်းကြောင့် မိသားစုအတွင်းရှိ စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်သော လူငယ်များ စာရင်းပါသွားမည်ကို ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။ ထို့ကြောင့် အချို့သော ပြည်သူများမှာ ခွဲတမ်းဆီကို တန်းစီဝယ်ယူခြင်းမပြုတော့ဘဲ ပြင်ပဈေးကွက်တွင်သာ ဈေးကြီးပေး၍ ဝယ်ယူနေကြရသည်။
"အရင်က ဆီဝယ်ရင် အိမ်ထောင်စုစာရင်း မပေးရဘူး။ အခုကျမှ ဆီဝယ်မယ်ဆို အိမ်ထောင်စုစာရင်း မိတ္တူ ၃ စောင် တောင်းလာတယ်။ အိမ်ထောင်စုစာရင်းတွေ တောင်းနေတော့ လူတွေက ကြောက်ပြီး သွားမတန်းစီရဲကြတော့ဘူး။ မတတ်နိုင်တဲ့အဆုံး အပြင်မှာပဲ ဈေးကြီးပေးပြီး ဝယ်စားကြတော့တယ်" ဟု သထုံနှင့် ပေါင်မြို့နယ်မှ ဒေသခံများက ပြောဆိုသည်။
လက်ရှိ ပြင်ပဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျှင် အနည်းဆုံး ငွေကျပ် ၁၅,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး စစ်ကောင်စီက ရပ်ကွက်များအတွင်း ခွဲတမ်းဖြင့် ရောင်းချပေးသည့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၈,၀၀၀ ကျော်သာ ရှိသည်။ သို့သော် အဆိုပါ ခွဲတမ်းဆီကို တစ်လလျှင် တစ်ကြိမ်သာ လာရောက်ရောင်းချလေ့ရှိပြီး အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာသာ ကန့်သတ်ရောင်းချပေးခြင်းဖြစ်သည်။
အဆိုပါ ခွဲတမ်းဆီများကို သာမန် လက်လုပ်လက်စား အခြေခံလူတန်းစားများကသာ အဓိက အားထားဝယ်ယူနေကြရခြင်းဖြစ်သည်။ ယခုကဲ့သို့ အိမ်ထောင်စုစာရင်းများ တောင်းခံလာမှုကြောင့် အခြေခံပြည်သူများမှာ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိရေးနှင့် မိသားစုလုံခြုံရေးအကြား ရွေးချယ်ရခက်ကာ ပိုမိုကျပ်တည်းသော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။







Comments