စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု PNFC ပယ်ချ၊ နိုင်ငံတကာအာမခံချက်မရှိဘဲ စစ်တပ်နှင့် ဆွေးနွေးရန် မဖြစ်နိုင်ဟု ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဆို
- Horizons News

- 1 day ago
- 1 min read
ချင်းမိုင် ၊ ဇူလိုင် ၁၆ ၊ Horizons

စစ်ကောင်စီက ဇူလိုင်လကုန်တွင် ပြုလုပ်ရန် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာန (Kyodo News) နှင့် အင်တာဗျူးတွင် ၎င်းက ထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့ PNFC အပြင် အခြားသော အဓိက တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို ပယ်ချထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်ထွန်းရန်အတွက် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြားဝင်စေ့စပ်မှုနှင့် အာမခံချက်ရှိသော စောင့်ကြည့်မှုများ ရှိရန် လိုအပ်ကြောင်း ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ထောက်ပြခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြင့် ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြောင်း ၎င်းက ပြန်ပြောင်း သတိပေးခဲ့သည်။
"စစ်တပ်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ ဘာမှ မျှော်လင့်ချက်မရှိတော့ဘူး၊ လုံးဝမဖြစ်နိုင်တော့တဲ့ ကိစ္စပါ" ဟု ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အတိအလင်း ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီသည် "အရပ်သားထံ အာဏာလွှဲပြောင်းရေး" ဟု ခေါင်းစဉ်တပ်ကာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား တရားဝင်မှုရရှိရန် ဟန်ပြကြိုးပမ်းနေသော်လည်း မြေပြင်တွင်မူ စစ်တပ်၏ အကြမ်းဖက်မှုများနှင့် ပြည်တွင်းစစ်မှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ကောင်စီ၏ မမှန်ကန်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ဆွေးနွေးမည်မဟုတ်ဟူသည့် ရပ်တည်ချက်ကို PNFC အနေဖြင့် ပိုမိုခိုင်မာစွာ ပြသလိုက်ခြင်း ဖြစ်သည်။



Comments