စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့် ဖလမ်းတွင် စစ်တပ်ပိုင် MEC ဆင်းမ်ကတ်များဖြင့် အဆမတန် ခေါင်းပုံဖြတ် ငွေညှစ်နေ
- Horizons News

- 2 days ago
- 1 min read
ဖလမ်း ၊ ဇူလိုင် ၁၆ ၊ Horizons

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ကာ သတင်းအမှောင်ချထားမှုကြောင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရပြီး လက်ရှိတွင် စစ်တပ်ထုတ်ကုန်ဖြစ်သော MEC ဆင်းမ်ကတ်များကို ကျပ်သိန်းချီအထိ အဆမတန် ဈေးတင်ကာ ခေါင်းပုံဖြတ် ရောင်းချမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ တော်လှန်ရေးအင်အားစုများ ဆင်နွှဲခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများကြောင့် ဒေသတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစနစ်များနှင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခဲ့ရသည်။
ယင်းအကျိုးဆက်ကြောင့် ပြည်သူများ အဓိက အားထားအသုံးပြုခဲ့သည့် MPT၊ Ooredoo နှင့် Atom ဖုန်းလိုင်းများမှာ ယနေ့တိုင် လုံးဝပြတ်တောက်နေဆဲ ဖြစ်သည်။
လက်ရှိတွင် ဖလမ်းမြို့နယ်၌ စစ်တပ်ပိုင် MEC ဖုန်းလိုင်းတစ်ခုတည်းကိုသာ ရရှိအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားပြီး အင်တာနက်အသုံးပြုခွင့်ကိုလည်း ဖြတ်တောက်ထားကာ အသံဖြင့် ဖုန်းခေါ်ဆိုမှု (Voice Call) ကိုသာ ပြုလုပ်ခွင့် ပေးထားသည်။
ထို့ပြင် အဆိုပါ MEC ဆင်းမ်ကတ်မှာ ဖုန်းအမျိုးအစားအားလုံးနှင့် အဆင်မပြေအောင် ကန့်သတ်ထားပြီး MEC ဆင်းမ်ကတ် သီးသန့်ကို ကျပ် ၈၀,၀၀၀ ဝန်းကျင်နှင့် MEC ကတ်နှင့် သုံး၍ရမည့် ဖုန်းတွဲလျက်ကို ကျပ် ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ဝန်းကျင်အထိ စစ်အုပ်စုယန္တရားက အဆမတန် ဈေးတင်ကာ ပြည်သူများအပေါ် အမြတ်ထုတ်နေခြင်း ဖြစ်သည်။
ဝယ်လိုအား အပေါ်မူတည်၍ စစ်တပ်ပိုင် ဆင်းမ်ကတ်ဈေးနှုန်းများ ယခုထက်ပိုမို မြင့်တက်လာရန် ဖန်တီးနိုင်ဖွယ်ရှိကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။
"ဖုန်းလိုင်းတွေအကုန်ပြတ်တော့ ဒီ MEC တစ်ခုပဲ သုံးလို့ရအောင် လုပ်ထားတယ်။ ဖုန်းအမျိုးအစားကလည်း ရွေးနေတော့ ကတ်ကော ဖုန်းကော တွဲဝယ်ရတာ နှစ်သိန်းခွဲလောက် ကျတယ်။ အင်တာနက်လည်း ဖြတ်ထားတော့ တော်လှန်ရေးသတင်းတွေ၊ အချက်အလက်တွေ မရအောင် သက်သက်လုပ်ထားတာ။ လူမှုရေးကိစ္စ ဆက်သွယ်ဖို့ရော တော်တော် ဒုက္ခရောက်နေကြရတယ်" ဟု ဒေသခံတစ်ဦးက စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရွံရှာစွာ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဆောက်လုပ်ရေး ဒု-ဝန်ကြီး ဦးမျိုးမြင့်က ဇူလိုင်လ ၆ ရက်နေ့ ဟားခါးမြို့၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဖလမ်းမြို့နယ်အပါအဝင် တွန်းဇံမြို့နယ်များတွင် MPT ဖုန်းလိုင်းများ အမြန်ဆုံးပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်နေကြောင်း ဝါဒဖြန့် ပြောဆိုခဲ့သော်လည်း မြေပြင်တွင်မူ ပြည်သူများအား ဆက်သွယ်ရေးဖြတ်တောက်မှု လက်နက်သဖွယ်အသုံးပြုကာ စစ်တပ်ထုတ် MEC ကတ်များဖြင့်သာ ဆက်လက် ခေါင်းပုံဖြတ်နေဆဲဖြစ်ကြောင်း တော်လှန်ရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုထားသည်။



Comments