top of page
Logo-Icon.png

စစ်ကောင်စီတပ်က ချောက်နှင့် ခင်ဦးမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံးပြီး (၈) ဦးထက်မနည်း ဒဏ်ရာရ

ချောက်/ခင်ဦး ၊ ဇူလိုင် ၁၄ ၊ Horizons



မကွေးတိုင်း၊ ချောက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အသက် (၆၀) ကျော်အရွယ် ပြည်သူတစ်ဦး သေဆုံးကာ ဆရာမတစ်ဦးအပါအဝင် ဒေသခံ (၈) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်သည် ညောင်ဦးလေတပ်စခန်းမှ ပျံတက်လာသော ဂျက်တိုက်လေယာဉ်နှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကံသစ်ကုန်းကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်တိုက်ခိုက်ခဲ့သည်။


ကျေးရွာအတွင်းသို့ ဗုံး (၇) လုံးခန့် ကြဲချခဲ့သည့်အပြင် ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး အသက် (၄၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုကဲ့သို့ လေကြောင်းရန်ကြောင့် ကံသစ်ကုန်းရွာသားများသည် ကျေးရွာအတွင်း မနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။



အလားတူ ဇူလိုင်လ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် တံတားဦးလေတပ်စခန်းမှ ပျံတက်လာသည့် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးသည် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်းရှိ ငါးတင်းကြီးကျေးရွာကို နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 


စစ်လေယာဉ်များသည် ကျေးရွာစာသင်ကျောင်းကို ဦးစွာဗုံးကြဲခဲ့ရာ ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကလေးငယ်များ ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့သော်လည်း ကျောင်းဆောင်များ ပျက်စီးခဲ့သည်။ ထို့နောက် ကျေးရွာပြည်သူများ အားထားနေရသည့် ကျေးလက်ဆေးခန်းကို ဆက်လက်ဦးတည် ဗုံးကြဲခဲ့သဖြင့် ဆေးခန်းအဆောက်အအုံ နှစ်ဆောင်လုံး ပြာကျပျက်စီးသွားခဲ့သည်။


အဆိုပါ တိုက်ခိုက်မှုကြောင့် ဆေးခန်းရှိ ဆရာမတစ်ဦးနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း (၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့‌သည်။ဒဏ်ရာရသူများအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ကျန်ရှိသူများမှာ ဗုံးစထိမှန်သည့် အသေးစားဒဏ်ရာများသာဖြစ်ကာ လက်ရှိတွင် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဒေသခံများက ဆိုသည်။


ကျေးရွာဆေးခန်း ဗုံးကြဲခံရမှုကြောင့် ဆေးခန်းဘေးပတ်ဝန်းကျင်ရှိ ပြည်သူ့နေအိမ် (၆) လုံး၊ ဆေးဝါးများ၊ မော်တော်ယာဉ် (၂) စီး၊ ဆိုင်ကယ် (၆) စီးနှင့် ဆီပေပါများလည်း မီးလောင်ပျက်စီးခဲ့ရသည်။ အဆိုပါဆေးခန်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဆေးခန်းမဟုတ်ဘဲ ကျေးရွာလူထုအတွက် ကျေးလက်ဆေးခန်းတစ်ခုသာဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများက ရှင်းပြသည်။


ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း သာဝတ္ထိကျေးရွာကို အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးကြောင်း သိရသည်။


Comments


bottom of page