စစ်ကောင်စီပူးပေါင်းတပ်၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် လေးကေကော်အနီးရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးခြေကုပ်စခန်းတစ်ခု လက်လွှတ်ခဲ့ရ
- Horizons News

- 3 days ago
- 1 min read
မြဝတီ ၊ ဇူလိုင် ၁၆ ၊ Horizons

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်အနီး မင်းလက်ပံနှင့် ဖလူးဒေသများတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် တစ်ပတ်ကျော်ကြာ ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် စစ်ရေးအရ အရေးပါသော ကုန်းတစ်ခုကို လက်လွှတ်ခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် စစ်တပ်ထောက်ခံသူများ၏ လူမှုကွန်ရက်ဖော်ပြချက်များအရ သိရသည်။
လေးကေကော်မြို့သစ်အနီးရှိ မင်းလက်ပံနှင့် ဖလူးဒေသတို့ကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် အာဏာသိမ်းစစ်တပ်သည် ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ခွဲထွက် DKBA အဖွဲ့တို့နှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ စစ်ကြောင်း (၅) ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပူးပေါင်းစစ်ကြောင်းများတွင် စစ်ကောင်စီက လူအင်အား ထောင်နှင့်ချီ၍ အသုံးပြုထားကာ ဇူလိုင်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်ပတ်ကျော်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ အပြင်းအထန် အသုံးပြုခဲ့သည်။
စစ်ကောင်စီပူးပေါင်းတပ်များက မြေပြင်တွင် လူအင်အားအလုံးအရင်းဖြင့် ဖိအားပေးထိုးစစ်ဆင်ခဲ့သလို လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကို ဆက်တိုက်အသုံးပြုခဲ့ခြင်းကြောင့် ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းတွင် လေးကေကော်မြို့အနောက်ဘက် တောင်ကြောရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော "ရဲကုန်း" ဟုခေါ်သည့် တောင်ကုန်းနေရာတစ်ခုကို လက်လွှတ်ခဲ့ရသည်။
"အဲဒီရဲကုန်းက စစ်ရေးအရ အဓိကကျတဲ့ အရေးပါမှု ကြီးကြီးမားမား မရှိပေမယ့် စစ်တပ်အတွက်တော့ ရှေ့တိုးခြေကုပ်ယူစရာ နေရာတစ်ခု ဖြစ်သွားတာပေါ့" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက သုံးသပ်ပြောကြားသည်။
လက်ရှိတွင် စစ်တပ်ထောက်ခံသူများ၏ လူမှုကွန်ရက်စာမျက်နှာများ၌ ရဲကုန်းကို သိမ်းပိုက်ရရှိထားပြီး တော်လှန်ရေးအင်အားစုများကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ရေးသားဖော်ပြလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်အနီး ဖြစ်ပွားနေသည့် ဤတိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့သော်လည်း စစ်ကောင်စီဘက်က စစ်အင်အားများ ထပ်မံဖြည့်တင်းကာ တိုက်ခိုက်မှုများကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။



Comments