top of page
Logo-Icon.png

စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားမှ (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံ၌ ပြည်သူများ သွားရောက်ဂါရဝပြု၊ နိုင်ငံတော်အလံများ တိုင်ဝက်လွှင့်ထူ




တောင်ကြီး ၊ ဇူလိုင် ၁၉ ၊ Horizons


ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ် ဖိနှိပ်မှုများကြားမှပင် အာဇာနည်ခေါင်းဆောင်ကြီးများအား ပြည်သူများက မမေ့မလျော့ လာရောက်ဂါရဝပြု အလေးပြုခဲ့ကြကြောင်း သိရသည်။



တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လာရောက်ဂါရဝပြု အလေးပြုကြသူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


 ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင်လည်း ဗိုလ်ချုပ်ပန်းခြံအနီး၌ ဥဩဆွဲကာ အာဇာနည်ကြီးများ၏ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံမှုကို ဝမ်းနည်းအောက်မေ့သောအားဖြင့် ငြိမ်သက်အလေးပြုခဲ့ကြသည်။


ယနေ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံး အဆောက်အအုံများ၊ ဆေးရုံများ၊ ဘဏ်များနှင့် ပြည်သူတို့၏ နေအိမ်များတွင်လည်း ဖက်ဆစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူကာ ဂါရဝပြုထားကြကြောင်း မြင်တွေ့ရသည်။


တိုင်းပြည်အတွက် အသက်ပေးခဲ့ကြသည့် အာဇာနည်များ၏ စိတ်ဓာတ်ကို အတုယူကာ တော်လှန်ရေးစိတ်ဓာတ်များဖြင့် အောက်မေ့တသလျက်ရှိကြသည်။


Photo - Kanbawza Tai News


#တောင်ကြီးမြို့ #အာဇာနည်နေ့ #ဗိုလ်ချုပ်ပန်းခြံ #စစ်အာဏာရှင်ဆန့်ကျင်ရေး #HorizonsNews

 
 
 

Comments


bottom of page