top of page
Logo-Icon.png

စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အဂတိလိုက်စားမှုနှင့် ကိုယ်ကျင့်တရားပျက်ပြားမှုများအပေါ် ဒေသခံများ မကျေမနပ်ဖြစ်နေ

စစ်ကိုင်း ၊ ဇူလိုင် ၁၂ ၊ Horizons



စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလွင်သည် ရာထူးတည်မြဲရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များကို ငွေကြေးပေးကမ်းခြင်း၊ ကျေးရွာပိုင်မြေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခြင်းနှင့် ကိုယ်ကျင့်တရား ပျက်ပြားနေခြင်းတို့ကြောင့် ဒေသခံရွာသူရွာသားများအကြား ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်လျက်ရှိကြောင်း သိရသည်။


ဦးစိုးလွင်သည် ယခင်အုပ်ချုပ်ရေးကာလကတည်းက ခန့်အပ်ခံထားရသူဖြစ်ပြီး ယခုတစ်ကြိမ် အုပ်ချုပ်ရေးမှူးရာထူး ထပ်မံရရှိရေးအတွက် အထက်လူကြီးများကို ငွေပေးထားရကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြိုင် (ခ) ခင်မြိုင် ကိုယ်တိုင်က ရွာအတွင်း ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ 


ထို့ပြင် ဇနီးဖြစ်သူ ဒေါ်မြိုင်သည် မကောင်းသော အတတ်ပညာ (ပယောဂ) များ တတ်မြောက်ထားသည်ဟု ရွာအတွင်း သတင်းထွက်နေသဖြင့် ရွာသူရွာသားများက ၎င်းတို့ဇနီးမောင်နှံ၏ လုပ်ရပ်များကို မဖော်ထုတ်ရဲဘဲ ကြောက်ရွံ့နေကြရကြောင်း သိရသည်။


အဆိုပါ အုပ်ချုပ်ရေးမှူးသည် ကျေးရွာသို့ လာရောက်လှူဒါန်းသည့် ပရဟိတအသင်းအဖွဲ့များထံမှပင် လှူဒါန်းသည့် ပစ္စည်းအမျိုးအစားအပေါ်မူတည်၍ ငွေကြေးများ ပြန်လည်တောင်းခံလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ 


ထို့ပြင် ကျေးရွာပိုင် "မိုးချောင်း" မြေနေရာများကိုပါ ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့ခြင်းကြောင့် ယခင်က ဆိုင်ကယ်သာ စီးနိုင်ခဲ့ရာမှ ယခုအခါ မော်တော်ကားပါ စီးနင်းနိုင်သည်အထိ ရုတ်တရက် ချမ်းသာကြွယ်ဝလာခဲ့ကြောင်း သိရသည်။


ဦးစိုးလွင်သည် ငွေကြေးအလွဲသုံးစားမှုများအပြင် ကိုယ်ကျင့်တရားပိုင်းတွင်လည်း ပျက်ပြားနေသူဖြစ်ပြီး၊ အိမ်ထောင်ရှိလျက်နှင့် တရားဝင်ခင်ပွန်းရှိသူ မစုလှိုင်အမည်ရ အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ပေါင်းသင်းနေကြောင်း သိရသည်။ 


၎င်းတို့နှစ်ဦး အတူနေထိုင်ရန် စစ်ကိုင်းမြို့ပေါ်တွင် အိမ်ငှားရမ်းပေးထားပြီး မစုလှိုင်သည်လည်း ဘီယာသောက်စား မူးယစ်တတ်ကာ ငွေကြေးအတွက် ဘာမဆိုလုပ်မည့်သူဖြစ်ကြောင်း ရွာခံများက ဆိုသည်။ လက်ရှိတွင် မစုလှိုင်သည် ဦးစိုးလွင် တက်ရောက်နေသည့် သင်တန်းများဆီသို့ပင် နေ့စဉ် လိုက်ပါသွားလာလျက်ရှိသည်။


ယခုအခါ ၎င်းတို့၏ ဖောက်ပြန်မှုနှင့် ပတ်သက်၍ မစုလှိုင်၏ တရားဝင်ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်က သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း သိရသည်။ ယနေ့တွင် ထိုသို့ တိုင်ကြားခံထားရသည်ကို မစုလှိုင်က သိရှိသွားသဖြင့် အရက်သေစာ သောက်စားမူးယစ်ကာ ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်အား ပြန်လည်ရန်ရှာ ပြောဆိုမှုများ ရှိခဲ့သည်။


လတ်တလောအခြေအနေတွင် ဒေသခံများအနေဖြင့် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၏ မတရားလုပ်ရပ်များကို စစ်ကောင်စီအာဏာပိုင်များထံ သွားရောက်တိုင်ကြားလိုသော်လည်း ၎င်းက ငွေကြေးပေး၍ အမှုဖျောက်ဖျက်နိုင်သဖြင့် တိုင်ကြားသော်လည်း ထူးခြားမှုရှိလာမည်မဟုတ်ဟု စိတ်ပျက်လက်ပျက် သုံးသပ်နေကြသည်။ 


အကျင့်စာရိတ္တ ပျက်ပြားပြီး လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေသည့် ဦးစိုးလွင်သာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် တာဝန်ယူနေပါက ရပ်ရွာအတွက် များစွာနစ်နာဆုံးရှုံးရနိုင်ကြောင်း ဝါးချက်ကျေးရွာလူထုက အထူးစိုးရိမ်ပူပန်လျက်ရှိသည်။


Comments


bottom of page