စစ်ခေါင်းဆောင်သမီး ကြိုးကိုင်သည့် ရွှေ (၄၉၀) ပိဿာခန့် မှောင်ခိုရောင်းချ၍ ငွေကြေးခဝါချမည့် လျှို့ဝှက်ချက် ပေါက်ကြား
- Horizons News

- 18 hours ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၇ ၊ Horizons

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏သမီးဖြစ်သူ ခင်သီရိသက်မွန် (ခ) မီးငယ် ကိုယ်တိုင် နောက်ကွယ်မှ စီမံညွှန်ကြားပြီး ထိုင်း၊ လာအိုနှင့် ဟောင်ကောင်နိုင်ငံများမှတစ်ဆင့် ရွှေ (၈၀၀) ကီလိုဂရမ် (၄၉၀ ပိဿာခန့်) မှောင်ခိုတင်ပို့ကာ ငွေကြေးခဝါချရန် ကြိုးပမ်းခဲ့သည့် လျှို့ဝှက်အစီအစဉ်တစ်ခု ပေါက်ကြားလာခဲ့သည်။
အဆိုပါ အရောင်းအဝယ်မှာ အမေရိကန်ဒေါ်လာ (၄၈) သန်းကျော် (မြန်မာငွေ ဘီလီယံချီ) တန်ဖိုးရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်း လျှို့ဝှက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း တရားမဝင် စစ်အုပ်စု၏ ဘဏ္ဍာရေးလမ်းကြောင်းများကို စောင့်ကြည့်ဖော်ထုတ်နေသည့် Justice For Myanmar (JFM) အဖွဲ့က ထုတ်ဖော်လိုက်သည်။
ရရှိထားသည့် စာချုပ်မူကြမ်းများနှင့် ပုဂ္ဂိုလ်ရေးစာတိုမှတ်တမ်းများအရ ဤရွှေမှောင်ခိုရောင်းချမှုတွင် ပါဝင်သူများမှာ စစ်အုပ်စု၏ အနီးကပ်ကွန်ရက်များ ဖြစ်ကြသည်။
စစ်ခေါင်းဆောင်၏သမီး ခင်သီရိသက်မွန်သည် ဤရွှေအရောင်းအဝယ်တစ်ခုလုံးကို နောက်ကွယ်မှ "ကြိုးကိုင်ညှိနှိုင်းသူ" အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်း၏စီးပွားဖက်ဖြစ်သူ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် ထိုစဉ်က ထိုင်းလွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်းတို့က ကြားခံပွဲစားများအဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။
၎င်းတို့သည် အရောင်းအဝယ်ကို ဖုံးကွယ်ရန်အတွက် ထိုင်းနှင့် လာအိုမှ ကုမ္ပဏီများကို ကြားခံအဖြစ် အသုံးချကာ နိုင်ငံတကာအဆင့်ဆင့်မှတစ်ဆင့် ငွေကြေးခဝါချရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလအတွင်း ထွန်းမင်းလတ်သည် ဥပကစ်ထံ ချဉ်းကပ်ကာ ထိုစဉ်က ကမ္ဘာ့ပေါက်ဈေးထက် (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ရွှေများရောင်းချရန် ကမ်းလှမ်းခဲ့သည်။ ၎င်းတို့အချင်းချင်း ပြောဆိုရာတွင် အရောင်းအဝယ်ကို အထူးလျှို့ဝှက်ထားရန် သတိပေးခဲ့ကြပြီး ပထမအသုတ်အဖြစ် ဒေါ်လာသန်း (၃၀) ဖိုးရှိ ရွှေတန်ဝက် (၅၀၀ ကီလိုဂရမ်) ကို ငွေသားဖြင့် ပေးချေရန် ညှိနှိုင်းခဲ့ကြသည်။
ထိုစဉ်က ရောင်းချရန်တင်ပြသည့် ရွှေပမာဏ (၈၀၀) ကီလိုဂရမ်ဆိုသည်မှာ မြန်မာနိုင်ငံ၏ တစ်နှစ်တာ တရားဝင် ရွှေထုတ်လုပ်မှုထက်ပင် သာလွန်နေသော ပမာဏဖြစ်သည်။ သို့သော် ဤမျှကြီးမားလှသော အရောင်းအဝယ်ကြီးမှာ နှစ်ဖက်စလုံးက လိုအပ်သည့် "ငွေကြေးအာမခံချက်" ကို အပြန်အလှန် ဦးစွာမပေးအပ်နိုင်ကြသဖြင့် ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ပျက်ပြယ်သွားခဲ့ရသည်။
စာချုပ်ဟောင်းများတွင် ရွှေ (၂၀၀) ကီလိုဂရမ် (၁၂၂ ပိဿာ) အား ယခင်က ရောင်းချပြီးဖြစ်ကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် လွှဲပြောင်းနိုင်ခဲ့ခြင်း ရှိမရှိကိုမူ JFM က သီးခြားအတည်မပြုနိုင်သေးပေ။
သို့သော် ဤဖြစ်ရပ်ကပင် စစ်အုပ်စုခေါင်းဆောင်၏ အတွင်းလူများ မည်မျှအထိ နိုင်ငံဖြတ်ကျော် ရွှေမှောင်ခိုမှုနှင့် ခဝါချမှုများ လုပ်ဆောင်နေကြောင်း သက်သေပြနေသည်။ မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်သည် ပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန်အတွက် ဘဏ္ဍာငွေကို သဘာဝသယံဇာတများအား ခေါင်းပုံဖြတ်ရောင်းချခြင်းဖြင့် ရှာဖွေနေခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုင်း၊ လာအိုနှင့် ဟောင်ကောင်အာဏာပိုင်များအနေဖြင့် ဤတရားမဝင် ရွှေရောင်းဝယ်မှုများကို အရေးတကြီး စုံစမ်းစစ်ဆေးရန် JFM က တိုက်တွန်းထားသည်။
အလားတူ အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျတို့အနေဖြင့်လည်း စစ်အုပ်စုနှင့် ၎င်းတို့၏ ခရိုနီများအပေါ် ပစ်မှတ်ထားကာ ဘဏ္ဍာငွေရလမ်းများကို ပိတ်ဆို့ရန် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်ချမှတ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သိရသည်။



Comments