top of page
Logo-Icon.png

စစ်မှုထမ်း ရှောင်လွှဲရန် ငွေပေးရသည့် ဈေးကွက်အတွင်း တစ်ဦးလျှင် ကျပ်သိန်း (၈၀) အထိ ပေါက်ဈေးရှိနေ

ရန်ကုန် ၊ ဇူလိုင် ၁၄ ၊ Horizons



စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဆင့်ခေါ်စာများကို အကြောင်းပြ၍ မိသားစုဝင်များထံမှ ငွေကျပ် သိန်း (၄၀) မှ သိန်း (၈၀) အထိ တောင်းခံမှုများ ပြုလုပ်နေပြီး လက်ရှိ စစ်မှုထမ်းရှောင်လွှဲလိုသည့် ဈေးကွက်အတွင်း တစ်ဦးလျှင် ကျပ်သိန်း (၈၀) အထိ ပေါက်ဈေးဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။


ကိုယ့်တွေ့ကြုံခဲ့ရသူတစ်ဦးက "အခု အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်သားတွေက စစ်မှုထမ်းစာရင်း ပါတယ်ဆိုပြီး အိမ်တွေကို လာအကြောင်းကြားတယ်။ တကယ်လို့ စစ်မှုမထမ်းချင်ဘူးဆိုရင် သူတို့တောင်းတဲ့ငွေကို ပေးရင်ရပြီဆိုပြီး ပြောတယ်။ ကနဦး ကျပ်သိန်း (၄၀) လောက် တောင်းတယ်။ အဲဒါနဲ့ ပြီးလားဆိုတော့ မပြီးဘူး၊ ထပ်ခါတလဲလဲ တောင်းတယ်။ သူတို့က ဒါကို စီးပွားရေးတစ်ခုလို လုပ်နေကြတာ" ဟု ပြောပြသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးက စစ်မှုထမ်းအမည်စာရင်းပေါက်သည့် နေအိမ်တစ်လုံးထံမှ ကျပ်သိန်း (၈၀) တောင်းခံခဲ့ပြီး နောက်ဆုံးတွင် သိန်း (၅၀) ဖြင့် ညှိနှိုင်းပေးသွင်းခဲ့ရကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။


ယခုကဲ့သို့ ငွေကြေးအဆမတန် တောင်းခံမှုများအပြင် အခြားသော အဂတိလိုက်စားမှုနှင့် ငွေညှစ်မှုပုံစံများလည်း ရှိနေပြီး လမ်းသွားလမ်းလာများကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်တပ်ထံသို့ ငွေကြေးဖြင့် ပြန်လည်ရောင်းစားခြင်းနှင့် စစ်မှုထမ်း အပတ်စဉ်တစ်ခုကို ကျော်လွှဲနိုင်ရန်အတွက် လစဉ်ကြေးအဖြစ် တစ်လလျှင် ကျပ် ၃ သိန်း ကောက်ခံခြင်းများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


လက်ရှိအချိန်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းမှာ အမှတ်စဉ် (၂၆) အထိ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် အမျိုးသမီးများအတွက်ပါ စစ်မှုထမ်းသင်တန်း ခေါ်ယူရန် ရပ်ကွက်များအတွင်း စာရင်းများ လိုက်လံကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လက်ရှိ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အာဏာတည်သက်ဝင်ကြောင်း အမိန့်ထုတ်ပြန်ကာ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။


Comments


bottom of page