စစ်မှုထမ်းအပတ်စဉ် (၂၇) အတွက် မုံရွာတွင် အဓမ္မပေါ်တာဆွဲမှု ဆိုးရွားလာ၊ လူငယ်နှင့် လူလတ်ပိုင်း (၁၈၀) ကျော် ဖမ်းဆီးခံရ
- Horizons News

- 3 days ago
- 1 min read
မုံရွာ ၊ ဇူလိုင် ၁၅ ၊ Horizons

စစ်ကောင်စီက ၎င်းတို့၏ စစ်မှုထမ်းအပတ်စဉ် (၂၇) ကို ယခုလအတွင်း စတင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ (၆) ရက်တာကာလအတွင်း လမ်းသွားလမ်းလာ လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၁၈၀ ကျော်ကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၉ ရက်မှ ၁၄ ရက်အထိ (၆) ရက်ဆက်တိုက် မုံရွာမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အမှတ် (၁) ရဲစခန်း၊ စက်မှုဇုန် (၁) အမှတ် (၂) ရဲစခန်းနှင့် ရဲတိုင်းရုံးတို့မှ အင်အားစုများသည် အရပ်သားသုံး အိမ်စီးကားများကို အသုံးပြုကာ မြို့တွင်း၌ နေ့ညမပြတ် လှည့်လည်ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ အများစုမှာ နေ့စဉ် ဝမ်းရေးအတွက် သွားလာလှုပ်ရှားနေရသည့် အလုပ်သွားအလုပ်ပြန် အရပ်သားများဖြစ်ပြီး ၎င်းတို့အားလုံးကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ချက်ချင်း ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီအဖွဲ့သည် မုံရွာမြို့၏ စီးပွားရေးနှင့် သွားလာမှု အချက်အချာကျသော လမ်းမကြီးများဖြစ်သည့် ကမ်းနားလမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက်ကာလမ်း၊ ဗိုလ်ချုပ်လမ်း၊ အာဇာနည်လမ်း၊ ပေ (၈၀) လမ်း၊ သာစည်လမ်း၊ အမြင့်လမ်းတို့အပြင် ရပ်ကွက်နှင့် လမ်းသွယ်များဖြစ်သည့် ထန်းတော ရွှေဝါရောင်လမ်း၊ အောင်မဟာလမ်း၊ သမ္မစိတ္တလမ်း၊ ဗိုလ်တေဇလမ်း၊ နတ်လူထိပ္ပန်အုပ်စု၊ နန္ဒဝန်ရပ်ကွက်နှင့် စက်မှုဇုန်ဧရိယာများဖြစ်သည့် စက်မှုဇုန် (၁) အတွင်း၊ စက်မှုဇုန် (၂) နှင့် စက်မှုဇုန်အေးရိပ်သာလမ်း စသည့် နေရာအနှံ့အပြားမှ လှည့်လည်ပေါ်တာဆွဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။
မုံရွာမြို့ခံတစ်ဦးကလည်း "ရပ်ကွက်တွေထဲအထိ နေ့တိုင်းနီးပါး လှည့်ဆွဲတာ။ ပေါ်တာဆွဲခံရသူတွေ ကားနဲ့အပြည့်ပဲ" ဟု ၎င်းတို့ မြင်တွေ့ခဲ့ရသည့် အခြေအနေကို ရှင်းပြသည်။
ယခုကဲ့သို့ အဓမ္မ ဖမ်းဆီးမှုများ မြို့တွင်းအထိ သောင်းကျန်းလာခြင်းကြောင့် မုံရွာမြို့ခံ လူငယ်များနှင့် မိသားစုဝင်များအကြား ထိတ်လန့်စိုးရိမ်မှုများ မြင့်တက်နေသည်။
လမ်းပေါ်တွင် သွားလာလှုပ်ရှားရဲသူ မရှိသလောက် နည်းပါးသွားသဖြင့် မြို့တွင်းရှိ စီးပွားရေးနှင့် ကုန်ထုတ်လုပ်ငန်းအချို့ပါ ရပ်နားထားရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။



Comments