top of page
Logo-Icon.png

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် SCEF နှင့် People Movement Platform တို့ တွေ့ဆုံဆွေးနွေး

ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons



ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုများအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဖြင့် စုစည်းဖွဲ့စည်းထားသော လူထုလှုပ်ရှားမှုစင်္ကြံ (People Movement Platform) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။


အဆိုပါ တွေ့ဆုံပွဲတွင် SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် SCEF အတွင်းရေးမှူးအဖွဲ့ တွဲဖက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung က ကောင်စီ၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို SCEF အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသည့် ပဒိုစောတာဒိုမူး၊ ဒေါ်ဖြူဖြူသင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။


ဆွေးနွေးပွဲသို့ People Movement Platform တွင် ပါဝင်သည့် အဖွဲ့အစည်းများဖြစ်သော Myanmar (CRPH) Support Group - Norway, Karenni State Consultative Council, NUG Support Team Japan, Global Myanmar Spring Revolution, International Coordination Network, New Rehmonnya Federated Force, OCTOPUS, Yangon Revolution Force (YRF), General Strike Coordination Committee, Citizen of Burma Award, Anti - Junta Forces Coordination Committee - Mandalay, Defend Myanmar Democracy, New Myanmar Foundation, India For Myanmar၊ လူထုလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၊ မြန်မာနိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်နှင့် People Strike Force စသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


တွေ့ဆုံပွဲအတွင်း တက်ရောက်လာသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုပါ အပြန်အလှန် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


Comments


bottom of page