top of page
Logo-Icon.png

စစ်အာဏာရှင်အဆက်ဆက်၏ အခါတော်ပေး ဒေါက်တာဖေဉာဏ် (စန္ဒကူးမြိုင်ဆရာတော်) အသတ်ခံရမှုတွင် ကျူးလွန်သူ (၅) ဦးကို ဖမ်းဆီးရမိ

ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons



ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်မှ စစ်အာဏာရှင်အဆက်ဆက်၏ အဓိက အခါတော်ပေးအဖြစ် လူသိများသည့် ကျောင်းထိုင်ဆရာတော် ဒေါက်တာဖေဉာဏ် အသတ်ခံရပြီး ပစ္စည်းများ လုယက်ခံရမှုတွင် ကျူးလွန်သူ လူငယ် (၅) ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။



ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ကျောင်းဝင်းအတွင်းရှိ ပန်းရံလုပ်သား (၂) ဦးသည် ဆရာတော် အရှင်ပညာဝံသ (ခ) ဒေါက်တာဖေဉာဏ် (သက်တော် ၅၅ နှစ်၊ ဝါတော် ၁၅ ဝါ) ထံသို့ ဆွမ်းချိုင့်ပို့ရန် သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် တံခါးများပိတ်ထားသဖြင့် ဝင်ရောက်ကြည့်ရှုခဲ့ရာမှ ဆရာတော်အား အိပ်ခန်းနှင့် စာကြည့်ခန်းအကူး တံခါးဝ၌ ဓားဒဏ်ရာများ၊ သွေးသံရဲရဲဖြင့် မှောက်လျက် လဲကျ ပျံလွန်တော်မူနေသည်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။


အခင်းဖြစ်ပွားပြီးနောက် စစ်ဆေးချက်များအရ ဆရာတော်၏ လက်ကိုင်ဖုန်း (၂) လုံးနှင့် ငွေကျပ် (၅) သိန်းခန့် ပျောက်ဆုံးနေကြောင်း သိရှိခဲ့ရသည်။ ထို့ပြင် မှော်ဘီပြည်သူ့ဆေးရုံကြီး၏ မှုခင်းရင်ခွဲစစ်ဆေးချက်အရ ဆရာတော်သည် ညာဘက်နံညွန့်တွင် ချွန်ထက်သောအရာဖြင့် ထိုးသွင်းခံရသဖြင့် အသည်းထုတ်ချင်းပေါက် ဒဏ်ရာရရှိကာ ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။


အသတ်ခံရသူ ဆရာတော်သည် စစ်ခေါင်းဆောင်အဆက်ဆက်၏ နက္ခတ်ဗေဒင်ဆိုင်ရာ အဓိက အခါတော်ပေးတစ်ဦး ဖြစ်နေသောကြောင့် အခင်းဖြစ်ပွားပြီးနောက် တရားခံများ ဖမ်းဆီးမမိမီအချိန်အထိ စစ်ကောင်စီတပ်၊ CID မှုခင်းတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး အထူးတင်းကျပ်ပြီး လမ်းများပိတ်ဆို့ကာ မြေလှန်ရှာဖွေ စစ်ဆေးမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ကြသည်။


ထိုသို့ စုံစမ်းဖော်ထုတ်မှုများအရ မှော်ဘီမြို့မရဲစခန်းတွင် (ပ) ၃၂၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးခဲ့ပြီးနောက် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် အသက် (၁၉) နှစ်မှ (၂၀) ဝန်းကျင်ရှိ လူငယ်များဖြစ်ကြသော သက်ပိုင်ထွန်း (ခ) ပိုင်လေး၊ စိုးရာဇာ (ခ) စိုးဝင်းကျော်၊ ဝေယံနိုင် (ခ) ဝေယံ၊ တိုးဝင်းကျော် (ခ) တိုးဝေကျော် နှင့် စိုးထက် (ခ) အေကေတီ တို့ (၅) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


Comments


bottom of page