စဉ့်ကူးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လင်မယားနှစ်ဦး ထိခိုက်ပြီး ဇနီးဖြစ်သူ သေဆုံး
- Horizons News

- 2 hours ago
- 1 min read
မန္တလေး ၊ ဇူလိုင် ၂၂ ၊ Horizons

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ အသက်ဆုံးရှုံးသွားခဲ့ကြောင်း စဉ့်ကူးမြို့နယ် သတင်းတာဝန်ခံထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက် ညပိုင်းက ကျွန်းကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်မှ ကြက်တူရွေးရွာဘက်သို့ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားဖြစ်သူမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
စဉ့်ကူးမြို့နယ် သတင်းတာဝန်ခံ၏ ပြောပြချက်အရ ယခုတိုက်ခိုက်ခံရသည့် ကြက်တူရွေးကျေးရွာသည် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကို ဆယ်ကြိမ်နီးပါးခန့် ခံထားရသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စဉ့်ကူးမြို့နယ်အတွင်းရှိ ထုံးကြီးရွာ၊ တောင်အင်းရွာ၊ ရွှေပြည်ရွာနှင့် ကျွန်းကြီးရွာတို့တွင် အထိုင်ချ တပ်စွဲထားလျက်ရှိသည်။ ထို့အပြင် ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ (ACLED) ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် မြန်မာပြည်တွင်းစစ်ကြောင့် အရပ်သားပြည်သူ တစ်သိန်းကျော် သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
(ဓာတ်ပုံ - ပေးပို့)



Comments