ပုလဲမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ ကျေးရွာအချို့တွင် ကလေးငယ်များ၌ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးများ အရေးပေါ်လိုအပ်နေ
- Horizons News

- 3 hours ago
- 1 min read
စစ်ကိုင်း ၊ ဇူလိုင် ၂၂ ၊ Horizons

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကျေးရွာ (၃) ရွာခန့်တွင် ကလေးငယ်များအကြား အရေပြားယားနာများ ကူးစက်ဖြစ်ပွားလျက်ရှိပြီး Antibiotic (ပဋိဇီဝဆေး) နှင့် အရေပြားလိမ်းဆေးများ အရေးပေါ် လိုအပ်နေကြောင်း ဒေသအခြေစိုက် ကျန်းမာရေးမှူးတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ရောဂါကူးစက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးငယ်များ သဘာဝအရ အတူတကွ ကစားကြရာမှတစ်ဆင့် အချင်းချင်း ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ခြင်ကိုက်ခံရခြင်းနှင့် ယားယံသဖြင့် ကုတ်ရာမှတစ်ဆင့် လက်သည်းများမှ ပိုးဝင်ကာ အနာများ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် ကုသမှုခံယူနေသည့် ကလေးငယ်အချို့ရှိနေပြီး အခြားနေရာများတွင်လည်း ကူးစက်ခံရသူများ ရှိနိုင်သေးကြောင်း ကျန်းမာရေးမှူးက ဆိုသည်။ "ကျနော့်ဆီ လာပြကြတယ်။ တချို့ကျ ပိုက်ဆံမတတ်နိုင်ကြဘူး။ ကုသပေးလို့ တစ်ယောက်ပျောက်သွားပေမယ့် မပျောက်ဘဲ ကျန်နေတဲ့သူဆီကနေ ပြန်ပြန်ကူးစက်နေတာ" ဟု ၎င်းက လက်ရှိ ကြုံတွေ့နေရသည့် ဆေးကုသမှုပိုင်းဆိုင်ရာ အခက်အခဲကို ပြောပြသည်။
ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေရမှုများလည်း ရှိနေသည်။ အဆိုပါ ရောဂါခံစားနေရသည့် ကလေးငယ်များအတွက် ဆေးဝါးများ ကူညီထောက်ပံ့လှူဒါန်းလိုပါက အောက်ပါဖေ့စ်ဘွတ်ခ်အကောင့်လင့်ခ်မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
ဆက်သွယ်ရန်လင့်ခ် - https://www.facebook.com/aung.htet.naing.187965
(ဓာတ်ပုံ - ပေးပို့)



















Comments