နယ်စပ်ဆန်တင်ပို့မှု သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးစံချိန်သို့ ရောက်ရှိ
- Horizons News

- 1 hour ago
- 1 min read
ဇူလိုင် ၂၂ ၊ Horizons

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများမှတစ်ဆင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် လမ်းခရီးလုံခြုံရေး အခြေအနေများနှင့် တရားမဝင် ငွေကြေးကောက်ခံမှုများကြောင့် ၅ လဆက်တိုက် ရပ်ဆိုင်းသွားခဲ့ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းအချက်အလက်များအရ နယ်စပ်ဆန်ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ၅ လတာကာလအတွင်း တင်ပို့နိုင်မှုပမာဏမှာ "သုည" အထိ လုံးဝရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
အဓိကကုန်သွယ်ရေးသွေးကြောဖြစ်သော မူဆယ်နယ်စပ်လမ်းကြောင်းတစ်လျှောက်တွင် စစ်ရေးအရ မတည်ငြိမ်မှုများ၊ လုံခြုံရေးအန္တရာယ်များနှင့် လက်နက်ကိုင်ဂိတ်များ၏ တရားမဝင် ငွေကြေးကောက်ခံမှုများကြောင့် ယခုကဲ့သို့ တင်ပို့မှုများ ရပ်ဆိုင်းသွားရခြင်းဖြစ်သည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ မန္တလေးမှ မူဆယ်နယ်စပ်သို့ ဆန်တင်ပို့နေသည့် ကုန်သည်တစ်ဦးက "အထက်မြန်မာပြည် မန္တလေးကနေ နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ကုန်သည်တွေအဖို့တော့ လုံးဝ ရပ်တန့်သွားပြီ။ ပင်လယ်ရေကြောင်း (Oversea) ကနေ မသွားနိုင်တဲ့ ကုန်သည်အများစု လုပ်ငန်းတွေ ပိတ်သိမ်းလိုက်ရတယ်။ မူဆယ် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်သွားတာကြောင့် ဘယ်ခေတ်အခါနဲ့မှမတူတဲ့ အဆိုးဝါးဆုံး နစ်နာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသမိုင်းတစ်လျှောက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃.၅၉ သန်းကျော် (၃,၅၉၁,၀၀၀ တန်) အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ၎င်းအနက် ၅၁.၆၂ ရာခိုင်နှုန်းမှာ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ဖြစ်သည်။
ယင်းပမာဏသည် ၁၉၃၉-၁၉၄၀ ဘဏ္ဍာနှစ်နောက်ပိုင်း နှစ်ပေါင်း ၈၀ နီးပါးအတွင်း အများဆုံး ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိ ၂၀၂၆ ခုနှစ်တွင် ဖေဖော်ဝါရီလမှ ဇွန်လအထိ ၅ လဆက်တိုက် လုံးဝရပ်ဆိုင်းခဲ့ပြီး လက်ရှိ ဇူလိုင်လကုန်အထိ ဆက်လက်ရပ်ဆိုင်းနေပါက ၆ လဆက်တိုက် စံချိန်တင် ရပ်တန့်သွားမည်ဖြစ်သည်။ ယခင်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၃ လသာ ရပ်ဆိုင်းဖူးသည့် သာဓကရှိခဲ့သည်။
လက်ရှိတွင် ဆန်စပါးအသင်းချုပ်စာရင်း၌ တရားဝင်မဖော်ပြထားသော်လည်း စစ်တပ်နှင့် NDAA တို့ ထိန်းချုပ်ထားသည့် တောင်ကြီး-မိုင်းလား လမ်းကြောင်းမှတစ်ဆင့် တရုတ်နယ်စပ် မိုင်းလင်းသို့ ဆန်နှင့် ဆန်ကွဲ အနည်းငယ် တင်ပို့မှုရှိနေသေးသည်။
သို့သော်လည်း လမ်းခရီးစရိတ် မြင့်မားလွန်းခြင်းကြောင့် လုပ်ငန်းများ အဆင်မပြေဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဆန်တစ်တန်လျှင် ဂိတ်ကြေး ကျပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ ပေးဆောင်နေရခြင်းနှင့် ကားခနှင့် လမ်းခရီး ပေးကမ်းရမှုများကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိ ကုန်ကျစရိတ် မြင့်တက်လာလျက်ရှိသည်။
ထို့အပြင် အေးသာယာ ဂိုဒေါင်များတွင် ကားပြောင်းတင်ရပြီး တရုတ်ဘက်သို့ ဝင်ခွင့်မရသည့် ကားများ ပြည်တော်ပြန်လှည့်လာရခြင်းကြောင့် ကရင်မနှင့် ရာကျော် ကဲ့သို့သော ဆန်များမှာ ဈေးကွက်မရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေမှုကြောင့် စပါးဈေးနှုန်း ကောင်းမွန်စွာရရှိရေးအတွက် နယ်စပ်လမ်းကြောင်းကိုသာ အဓိက မှီခိုနေရသော စိုက်ပျိုးရေးတောင်သူများ၏ အနာဂတ်အသက်မွေးဝမ်းကျောင်းမှုအပေါ် ဆိုးရွားစွာ ရိုက်ခတ်လျက်ရှိကြောင်း သိရသည်။



Comments