မူဆယ်မြို့ ရွှေလီမြစ်အတွင်း၌ ပုပ်ပွပျက်စီးနေသည့် အမျိုးသားရုပ်အလောင်းတစ်ခု တွေ့ရှိ
- Horizons News

- 2 hours ago
- 1 min read
မူဆယ် ၊ ဇူလိုင် ၂၂၊ Horizons

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ ရွှေလီမြစ်အတွင်း၌ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြင်းထန်စွာ ပုပ်ပွပျက်စီးနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဇူလိုင်လ (၂၁) ရက် ညနေ (၄) နာရီခန့်တွင် ဒေသခံများက စတင်တွေ့ရှိခဲ့ကြောင်း မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ရုပ်အလောင်း၏ အနေအထားမှာ ပြင်းထန်စွာ ပုပ်ပွနေပြီဖြစ်ရာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ အဆိုပါ ရုပ်အလောင်းအား မြင်တွေ့ခဲ့သူတစ်ဦးက "အလောင်းက အလွန်အမင်း ပုပ်ပွနေတာပါ။
ခေါင်းနဲ့ ခြေထောက်တွေမှာဆို အရိုးဘဲ ကျန်တော့တယ်။ ခန္ဓာကိုယ်ပိုင်းပဲ ကျန်ပေမဲ့ ဘာမှ ခွဲခြားကြည့်လို့မရတော့ဘူး။ တက်တူးလိုမျိုး မှတ်တိုင်ပြုစရာ အရိပ်အယောင်တွေ ရှိ၊ မရှိတောင် ကြည့်ရခက်တဲ့အထိ ပျက်စီးနေပါပြီ" ဟု ပြောဆိုသည်။
အဆိုပါ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းက သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့ကာ စနစ်တကျ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ်အတွင်း၌ ယခုကဲ့သို့ ရေနှင့်ပတ်သက်သည့် မတော်တဆမှုနှင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်နေ့ကလည်း မန့်မိုင်ကုန်း ရခိုင်ဂိတ်အောက်အနီးရှိ ရေကန်တစ်ခုအတွင်း အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သည့်အပြင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ကလည်း ရွှေလီမြစ်အတွင်း ရေဆော့ကစားခဲ့ကြသည့် အသက် (၁၀) နှစ်အရွယ် ကလေးငယ် (၂) ဦး ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရှိရသည်။



Comments