ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅၀ နီးပါး သေဆုံးပြီး အရာရှိ ၂၀ အပါအဝင် အများအပြား ဖမ်းမိဟု NUG ထုတ်ပြန်
- Horizons News

- 3 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons

ပြီးခဲ့သည့် ဇွန်လအတွင်း နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ဇွန်လတစ်လတာအတွင်း စစ်ကောင်စီဘက်မှ ၆၄၄ ဦး သေဆုံးခဲ့ပြီး ၂၀၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖမ်းဆီးရမိသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် စစ်ကောင်စီအရာရှိ (၂၀) ဦး ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ဇွန်လအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းများကို (၁၅) ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အနက် တပ်စခန်း (၉) ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကိုလည်း ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့မှု (၁) ကြိမ်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် ယခုထုတ်ပြန်ချက်တွင် စစ်ရေးဗျူဟာအသေးစိတ်နှင့် တော်လှန်ရေးရဲဘော်များ၏ ထိခိုက်ကျဆုံးမှုစာရင်းကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်၏ အဆိုအရ ဇွန်လနှင့် ဇူလိုင်လများအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် စစ်ကောင်စီ၏ အခြေစိုက်စခန်းဖြစ်သော နေပြည်တော်တိုင်းစစ်ဌာန နယ်မြေများ၌ စစ်ကောင်စီတပ်များ အထိနာအောင် စစ်ရေးဖော်ဆောင်နိုင်ခဲ့ကြောင်း အသိပေးထားသည်။
PDF စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စစ်မျက်နှာပြင်အသီးသီးတွင် စစ်ကောင်စီဘက်က အကျအဆုံး ကြောက်ခမန်းလိလိ များပြားနေကြောင်း အတည်ပြုပြောဆိုခဲ့သည်။ "စစ်မြေပြင်မှာ ရန်သူဘက်က အကျအဆုံး အင်မတန်များပါတယ်။ တရားဝင် သတင်းမထုတ်ပြန်ပေမယ့် ကျွန်တော်တို့ဆီ တက်လာတဲ့ Daily Report တွေအရ နေ့စဉ်တိုက်ပွဲအသီးသီးကနေ သိမ်းဆည်းရမိတဲ့ ရန်သူ့လက်နက်နဲ့ အလောင်းတွေဟာ မနည်းပါဘူး" ဟု ၎င်းက ပြောကြားသည်။
စစ်ကောင်စီသည် စစ်မြေပြင်တွင် အခြေအနေဆိုးရွားနေသည်ကို ကောင်းစွာသိသော်လည်း ပြည်သူများ အခြေအနေမှန်ကို မသိရှိနိုင်ရန် ဖုံးကွယ်ထားကြောင်း PDF တပ်မှူးက ထောက်ပြသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုကို မခံရအောင် ရှောင်တိမ်းကြရန်၊ အကယ်၍ ဖမ်းဆီးစုဆောင်းခံရပါက လွတ်မြောက်အောင် ထွက်ပြေးကြရန်နှင့် လွတ်လမ်းမရှိဘဲ စစ်မြေပြင်သို့ ရောက်ရှိလာပါကလည်း အသက်ဘေးမှလွတ်မြောက်ရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်၍ လက်နက်ချကြရန် ၎င်းက တိုက်တွန်းနှိုးဆော်ထားသည်။







Comments