top of page
Logo-Icon.png

ညောင်ခါးရှည်စခန်းရှိ ဖမ်းဆီးရမိကုန်စည်များ လေလံတင်မည်ဖြစ်ရာ သွင်းကုန်ပိတ်ဆို့မှု၏ နောက်ဆက်တွဲဂယက်များအပေါ် စိုးရိမ်မှုများရှိနေ

ပဲခူး ၊ ဇူလိုင် ၁၅ ၊ Horizons



ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းပေါ်က ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိထားသည့် ကုန်စည်အမှုတွဲ (၁၁) ခုကို လာမည့် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


လေလံတင်မည့် စာရွက်စာတမ်းများကို တစ်စုံလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ဇူလိုင်လ ၁၃ ရက်မှ ၁၆ ရက်အထိ ဝယ်ယူနိုင်ပြီး လေလံစည်းကမ်းချက်ပါ စပေါ်ငွေ ပေးသွင်းပြီးမှသာ သတ်မှတ်ရက်အတွင်း ကုန်ပစ္စည်းများကို ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။ 


လေလံပစ်မည့် ကုန်ပစ္စည်းများတွင် ဖုန်းဟောင်းများ၊ မိတ္တူကူးစက်ဟောင်းများ၊ မော်တော်ယာဉ်နှင့် စက်အပိုပစ္စည်းများ၊ ကားတာယာများ၊ ဘက်ထရီများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်ကာ ဈေးပြိုင်စနစ်ဖြင့် မျက်မြင်အတိုင်း လေလံတင်မည် ဖြစ်သည်။


စီးပွားရေးနှင့် နိုင်ငံရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ယခုကဲ့သို့ ကုန်စည်များအား ဖမ်းဆီးပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ လေလံတင်ခြင်းသည် ကုန်သွယ်မှု ကွင်းဆက်တစ်ခုလုံးကို ကြီးမားစွာ ရိုက်ခတ်စေနိုင်ကြောင်း ထောက်ပြကြသည်။ 


ဖမ်းဆီးခံရသည့် ကုန်သည်များမှာ ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများ ဆုံးရှုံးရသဖြင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲသွားစေသည်။ ထို့ပြင် အဆိုပါ ဆုံးရှုံးမှုများကို ကာမိစေရန်အတွက် တရားဝင်ကျန်ရှိနေသော အခြားကုန်စည်များကို ဈေးမြှင့်ရောင်းချလာရသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး နောက်ဆုံးတွင် စားသုံးသူများသာ ဒဏ်ခံရဖွယ်ရှိသည်။


သွင်းကုန်၊ ထုတ်ကုန် လိုင်စင်များကို လုပ်ငန်းရှင်ကြီးငယ်မရွေး အလွယ်တကူ ထုတ်ပေးမည်ဆိုပါက ခိုးသွင်းမှုများ လျော့နည်းသွားမည့်အပြင် အခွန်ငွေလည်း ပိုမိုရရှိကာ စားသုံးသူများအတွက်လည်း ဈေးနှုန်းသက်သာပြီး ရွေးချယ်စရာ ပိုမိုများပြားလာနိုင်ကြောင်း သုံးသပ်ကြသည်။


လက်ရှိတွင် သွင်းကုန်ပိတ်ပင်ထားပြီး လိုင်စင်ချပေးမှု မရှိသလောက် နည်းပါးခြင်းကြောင့် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် အရည်အသွေးမမီသော ကုန်ပစ္စည်းတုများ ပိုမိုဝင်ရောက်လာနိုင်ကာ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာ နည်းပါးစေသည်။ 


ယင်းသွင်းကုန် ကန့်သတ်ချက်များကြောင့် ပြည်တွင်းရှိ ဆေးဝါး၊ အခြေခံစားကုန်နှင့် လူသုံးကုန်များသာမက ကုန်ကြမ်းတင်သွင်းရသည့် အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများပါ အခက်ကြုံနေရပြီး ဈေးကွက်အတွင်း ကုန်ပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။


ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ အရ သွင်းကုန်လိုင်စင် (သို့မဟုတ်) ပါမစ်မရှိဘဲ တင်သွင်းလာပါက စည်းကြပ်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းမှ ၃၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးရိုက်ခံရမည့်အပြင် ကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သည်။ ထို့ပြင် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေအရ ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။


အစိုးရအနေဖြင့် ပြည်ပသို့ နိုင်ငံခြားငွေ စီးထွက်မှုကို ထိန်းချုပ်ရန်၊ ပို့ကုန်ရငွေအပေါ် မူတည်ပြီး သွင်းကုန်ကို မျှတစေရန်နှင့် ပြည်ပသွင်းကုန်ကို ပိတ်ပင်ကာ ပို့ကုန်ကိုသာ အားပေးသည့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အစိုးရက တရားဝင်ကြေညာထားသည်။


Comments


bottom of page