တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပွင့်ဖြူမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ Grade-10 ကျောင်းဆောင် လုံးဝပျက်စီး
- Horizons News

- 6 days ago
- 1 min read
ပွင့်ဖြူ ၊ ဇူလိုင် ၁၂ ၊ Horizons

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ရေးပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျောင်းဖွင့်ချိန်အတွင်း စာသင်ကျောင်းတစ်ကျောင်းကို ဒရုန်းအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အထက်တန်းပြ ကျောင်းဆောင်တစ်ဆောင် လုံးဝပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက ပွင့်ဖြူမြို့နယ်၊ အုတ်ဖိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.ထ.က-ခွဲ) သို့ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးကျည်များ အသုံးပြုကာ ဒရုန်းဖြင့် အကြောင်းမဲ့ လာရောက်ဗုံးကြဲ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ Grade-10 သင်ကြားရေး ကျောင်းဆောင်တစ်ခုလုံး ပျက်စီးပြိုကျသွားခဲ့ရသည်။
ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ အုတ်ဖိုကျေးရွာရှိ စာသင်ကျောင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်း လုံးဝမရှိသလို အနီးအနားတွင်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားပစ်မှတ်ကို တမင်သက်သက် ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း စစ်ကောင်စီဘက်က PDF တပ်ဖွဲ့များကြောင့် ပွင့်ဖြူမြို့နယ်၌ ပညာရေးရပ်ဆိုင်းနေရကြောင်း ဝါဒဖြန့်ချိနေသဖြင့် ဆရာ၊ ဆရာမများက ယင်းမှာ သတင်းအမှားသာဖြစ်ကြောင်း လိုက်လံရှင်းလင်းနေရသည်ဟု ဆိုသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ "အခုလို စာသင်ကျောင်းကို စစ်ကောင်စီဘက်ကသာ လက်တွေ့ လာရောက်ဖျက်ဆီးသွားတာဖြစ်လို့ ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးအောင် ဘယ်အဖွဲ့အစည်းက လုပ်ဆောင်နေတယ်ဆိုတာ ဒေသခံတွေအတွက် ရှင်းလင်းလှပါတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ပွင့်ဖြူမြို့နယ်သည် လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ကြီးမားသည့် တိုက်ပွဲကြီးများ ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။









Comments