တရုတ်နိုင်ငံသို့ တစ်ပတ်အတွင်း ဒုတိယမြောက် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်၊ လူဦးရေ နှစ်သန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းရ
- Horizons News

- 5 days ago
- 1 min read
ပေကျင်း ၊ ဇူလိုင် ၁၂ ၊ Horizons

တရုတ်နိုင်ငံသို့ တစ်ပတ်အတွင်း ဒုတိယမြောက်အဖြစ် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ထပ်မံဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ လူဦးရေ နှစ်သန်းနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
အကျယ်ဆုံးနေရာတွင် ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀) ခန့်ရှိပြီး ပြင်သစ်နိုင်ငံ၏ အကျယ်အဝန်းနီးပါးခန့် ကျယ်ဝန်းသော တိုင်ဖွန်းမုန်တိုင်း "ဘာဗီ" သည် စနေနေ့ ညနေပိုင်းက တိုင်ကျိုး ကမ်းရိုးတန်းမြို့ကို စတင်ဝင်ရောက်ခဲ့ပြီး ညသန်းခေါင်ယံအချိန်တွင် ဝမ်ကျိုး မြို့သို့ ဒုတိယအကြိမ် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါမုန်တိုင်းမှာ အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားပြီဖြစ်သော်လည်း ၎င်း၏မိုးတိမ်တိုက်များအတွင်း မိုးရေချိန်ပမာဏ ကြီးမားစွာပါဝင်နေသဖြင့် အန္တရာယ်ရှိနေဆဲဖြစ်ကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိသည်။
တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ကျက်ကျန်း ပြည်နယ်တွင် လူဦးရေ ၁.၇ သန်းကျော်နှင့် အနီးအနားရှိ ပြည်နယ်များမှ ထောင်ပေါင်းများစွာကို အဆိုးရွားဆုံးအခြေအနေများမှ ကာကွယ်ရန် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ထို့ပြင် ကျက်ကျန်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၊ လုပ်ငန်းခွင်များနှင့် ပြင်ပလှုပ်ရှားမှုများကို ရပ်ဆိုင်းထားပြီး လေကြောင်းခရီးစဉ် ၄၀၀ နှင့် ရထားခရီးစဉ်များစွာကို ဖျက်သိမ်းထားသည်။ လူဦးရေ ၁၀ သန်းခန့် နေထိုင်သည့် ဝမ်ကျိုးမြို့တွင်လည်း ရာနှင့်ချီသော ဒေသခံများကို ရွှေ့ပြောင်းပေးခဲ့ရကာ ပေကျင်းမြို့တွင်လည်း အန္တရာယ်ကင်းဝေးစေရန် လူ ၁ သိန်းခန့်ကို ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။
"ဘာဗီ" မုန်တိုင်းသည် ပြီးခဲ့သည့်တနင်္လာနေ့က ဂူအမ်နှင့် မြောက်မာရီယာနာကျွန်းစုများကို လေတိုက်နှုန်း တစ်နာရီလျှင် ၂၉၀ ကီလိုမီတာ (၁၈၀ မိုင်) ရှိသော စူပါတိုင်ဖွန်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံ၊ ဆာကီရှီမာကျွန်းစုများသို့ ဝင်ရောက်ခဲ့ရာ လူ ၅ ဦး ဒဏ်ရာရပြီး လူထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုင်ဝမ်တွင်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးရေချိန် ၃၉ လက်မအထိ ရွာသွန်းနိုင်ကြောင်း သတိပေးထားပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော်လည်း ဂျပန်နှင့် ထိုင်ဝမ်တို့တွင် သေဆုံးသူ မရှိခဲ့ပေ။ သို့သော် အဆိုပါမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် မြေပြိုမှုများဖြစ်ပွားကာ လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ တောင်ပိုင်းဒေသများတွင် ယခုသီတင်းပတ်အစောပိုင်းကလည်း တိုင်ဖွန်းမုန်တိုင်း "မေဆတ်" ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ကြီးမားစွာ ဆုံးရှုံးခဲ့သည်။ ယင်းမုန်တိုင်းကြောင့် ဟူဘေး ပြည်နယ်တွင် ရှားပါးလေဆင်နှာမောင်း နှစ်ခုအထိ တိုက်ခတ်ခဲ့ကြောင်း သိရှိရသည်။
(ကိုးကား - BBC , Photo - Reuters )



Comments