တော်လှန်ရေးအဖွဲ့အစည်းများ၏ QR ကုဒ်ကိုအသုံးချကာ NUG Pay စလစ်တုဖြင့် ငွေလိမ်လည်နေသည့် Mi Su အကောင့်ပိုင်ရှင်အကြောင်း သတိပေးချက်
- Horizons News

- 1 day ago
- 1 min read
မြိုင် ၊ ဇူလိုင် ၁၇ ၊ Horizons

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် Royal Brother Defence Force (RBDF) တပ်ဖွဲ့မှ ရဲဘော်လှချောင်က ၎င်းတို့တပ်ဖွဲ့ ရင်ဆိုင်ခဲ့ရသည့် NUG Pay စလစ်တုဖြင့် ငွေကြေးလိမ်လည်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး အခြားသော မြေပြင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထောက်ပို့မိဘပြည်သူများ သိရှိစေရန် ဖော်ထုတ်သတိပေးလိုက်သည်။
ဖြစ်စဉ်မှာ Facebook Account အမည် "Mi Su" အသုံးပြုသည့် အမျိုးသမီးတစ်ဦးက မိမိကိုယ်ကိုယ် ကာကွယ်ရေးဝန်ကြီးဌာန (MOH) လက်အောက်ခံ ဆေးဝါးထောက်ပို့၊ စစ်ဒေသ (၁) ရွှေဘိုခရိုင် (ShweBo District Battalion 9) မှဖြစ်ကြောင်း ပြောဆိုကာ RBDF တပ်ရင်းထံ ဆက်သွယ်လာခဲ့သည်။
၎င်းတို့အတွက် လိုအပ်သည့် Solar၊ အင်ဗာတာနှင့် Battery များကို ဝယ်ယူရန် ကူညီပေးမည်ဟုဆိုကာ NUG Pay QR ကုဒ် တောင်းခံခဲ့ပြီးနောက် ပထမအကြိမ် (၂၃၆,၀၀၀) ကျပ်၊ ဒုတိယအကြိမ် (၁၀၀,၀၀၀) ကျပ်ဖြင့် စုစုပေါင်း (၃၃၆,၀၀၀) ကျပ် လွှဲပို့ခဲ့ကြောင်း ငွေလွှဲဖြတ်ပိုင်း (Slip) များ ပေးပို့လာခဲ့သည်။
ထို့နောက် အဆိုပါအမျိုးသမီးက ၎င်းတို့လှူဒါန်းမည့်ငွေထဲမှ RBDF တပ်ဖွဲ့အတွက် တစ်သိန်းကျပ်သာ ယူရန်နှင့် ကျန်ငွေများထဲမှ (၁၅၀,၀၀၀) ကျပ်ကို ၎င်းထံသို့ KBZ Pay ဖြင့် ပြန်လွှဲပေးရန် ရဲဘော်လှချောင်ထံ တောင်းဆိုခဲ့သည်။
သို့သော် ညဉ့်နက်ပိုင်းဖြစ်သဖြင့် နောက်တစ်နေ့မနက်ပိုင်းတွင် NUG Pay အကောင့်အတွင်း အဝင်အထွက် စစ်ဆေးကြည့်ရာ အဆိုပါငွေများ အမှန်တကယ် ဝင်ရောက်ခြင်းမရှိဘဲ Slip အတုများသာဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။
ထို့အပြင် ၎င်းပေးပို့လာသော အဝင်အထွက်စာရင်းများရှိ အချိန်နာရီများမှာလည်း လွဲချော်ကွာဟနေသည့်အတွက် ရဲဘော်လှချောင်က KBZ Pay ပြန်လည်လွှဲပေးခြင်းမပြုဘဲ အကျိုးအကြောင်းပြောဆို ငြင်းဆန်ခဲ့သည်။
ယင်းသို့ လိမ်လည်၍မရတော့သည့်အခါ အဆိုပါအမျိုးသမီးက RBDF တပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာ ကွန်မန့်များတွင် တပ်ဖွဲ့ဘက်က ငွေလိမ်လည်နေကြောင်း စွပ်စွဲပုတ်ခတ်မှုများ လုပ်ဆောင်လာခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စစ်ဒေသ (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး တာဝန်ရှိသူများထံ ဆက်သွယ်စုံစမ်းခဲ့ရာ အဆိုပါ အမျိုးသမီး "Mi Su" အကောင့်ပိုင်ရှင်သည် တော်လှန်ရေးအဖွဲ့အစည်းများ၏ NUG Pay QR ကုဒ်များကို ကူညီမည်ဟု အကြောင်းပြတောင်းခံပြီးနောက် ယင်း QR ကုဒ်များကို အသုံးချကာ စလစ်တုများဖြင့် အခြားရဲဘော်များထံမှ KBZ Pay ငွေသား ပြန်လည်လဲလှယ်ကာ လိမ်လည်နေသည့် လူလိမ်အကောင့်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ရဲဘော်လှချောင်က ၎င်းကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယခုလို ရှင်းပြသည်။
"သူတို့ဘက်က ဆက်သွယ်ပြောပြီးတဲ့ အခါမှာတော့ အကောင့်ပိုင်ရှင်ဖြစ်တဲ့ Mi Su (အရင်ကတော့ တခြားနာမည်နဲ့) အဲ့ဒီအစ်မက NUG Pay နဲ့ KBZ Pay နဲ့ လဲတယ်ဆိုပြီးတော့ ကျွန်တော်တို့ ရဲဘော်တွေဆီကနေ လာလိမ်သွားတာမျိုးတွေ ရှိပါတယ်ဗျ။ ကျွန်တော်တို့ပေးလိုက်တဲ့ QR ကို NUG Pay လွှဲတာတို့ ဘာတို့နဲ့ စလစ်အတုတွေ ပေးပြီးတော့ KBZ Pay ကို ပြန်လည်တောင်းဆိုတာပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော်က သူ့ရဲ့ စလစ်တွေကို ပြန်လည်စစ်ပြီးတော့ ဝင်ထွက်စာရင်းတွေ ပြန်စစ်တဲ့အချိန်မှာ သူ့ရဲ့ လွှဲချမှုတွေ မရှိတာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော့်ဘက်ကလည်း သူတောင်းဆိုတဲ့ KBZ Pay ကို ပြန်မလွှဲပေးဘဲနဲ့ ‘ဒီနားကနေ ရပ်ထားလိုက်၊ ကျွန်တော်တို့လည်း ဘာမှမလုပ်ဘူး’ ဆိုပြီး သူ့ကို ပြန်ပြောခဲ့ပါတယ်။ ဒါကို သူက ကျွန်တော်တို့ ပို့စ်အောက်က ကွန်မန့်တွေမှာ လိုက်ပြီးတော့ ကျွန်တော်တို့ဘက်က လိမ်လည်ပါတယ်၊ လိမ်ညာပါတယ်ဆိုပြီး တော်လှန်ရေးပုံရိပ် ကျဆင်းအောင် လုပ်နေတဲ့အတွက် အခုလိုမျိုး ပို့စ်တင်ပြီး တော်လှန်ပြည်သူ ညီအစ်ကိုမောင်နှမတွေ ထောက်ပံ့တဲ့နေရာမှာ သတိပြုမိအောင် ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်ပါတယ်" ဟု ရှင်းလင်းပြောကြားခဲ့သည်။
သို့ဖြစ်ပါ၍ စစ်ဒေသအလိုက် မြေပြင်အဖွဲ့အစည်းများ၊ ရဲဘော်များနှင့် ပြည်တွင်းပြည်ပ ထောက်ပို့မိဘပြည်သူများအနေဖြင့် အဆိုပါ "Mi Su" အမည်ရ Facebook အကောင့်၏ စလစ်တုဖြင့် ငွေလိမ်လည်မှုပုံစံကို အထူးသတိပြုကြပါရန်နှင့် မိမိတို့အဖွဲ့အစည်း၏ NUG Pay အကောင့်များ၊ QR ကုဒ်များကို မသိရှိရသူများထံ ပေးပို့ခြင်းမပြုကြရန် နှိုးဆော်သတိပေးထားသည်။













Comments