top of page
Logo-Icon.png

တစ်နိုင်ငံလုံးကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ခေါင်းဆောင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ခေါင်းစဉ်တပ်ကာ ပြင်ဦးလွင်တွင် သစ်ပင်စိုက် ဟန်ပြ

ပြင်ဦးလွင် ၊ ဇူလိုင် ၁၃ ၊ Horizons



နိုင်ငံတစ်ဝန်းရှိ ကျေးရွာများကို နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးကာ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့အိုးအိမ်စည်းစိမ်များကို ကြီးစွာသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကိုယ်၎င်း နိုင်ငံတော်သမ္မတဟု သမုတ်ကာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ပြီး ဟန်ပြဝါဒဖြန့်လျက်ရှိသည်။


ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲဆိုသော အခမ်းအနားသို့ အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြီး စိန်ပန်းပြာပင်ကို စိုက်ပျိုးပြခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြသည်။


ယင်းအခမ်းအနားတွင် စစ်ခေါင်းဆောင်က သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ကောင်းမွန်ရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန် သစ်ပင်စိုက်ခြင်းမှာ အထိရောက်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးဖြစ်ကြောင်း အရှက်ကင်းမဲ့စွာ ထည့်သွင်းပြောဆိုသွားခဲ့သည်။


လက်တွေ့ မြေပြင်အခြေအနေတွင်မူ အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံတစ်ဝန်းရှိ သစ်တောသယံဇာတများကို ၎င်းတို့၏ စစ်စရိတ်အတွက် အလွန်အကျွံ ခုတ်ထွင်ရောင်းချနေသလို၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် ကျေးရွာပေါင်းများစွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကြောင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်မှာ ဆိုးရွားစွာ ပျက်စီးယိုယွင်းနေရပြီဖြစ်သည်။


ထို့ကြောင့် ယခုကဲ့သို့ စစ်ခေါင်းဆောင်က သစ်ပင်စိုက်ပြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစကားများ ပြောဆိုနေခြင်းမှာ ၎င်းတို့ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် တိုင်းပြည်ဖျက်ဆီးနေသည့် လုပ်ရပ်များကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် အဆင့်နိမ့် နိုင်ငံရေးဝါဒဖြန့်မှုတစ်ခုသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြလျက်ရှိသည်။


Comments


bottom of page