တရားစီရင်ရေးကဏ္ဍတွင် AI စနစ်အသုံးပြုရန် စစ်ကောင်စီ ပြင်ဆင်နေမှုအပေါ် မေးခွန်းထုတ်မှုများရှိနေ
- Horizons News

- 3 days ago
- 1 min read
နေပြည်တော် ၊ ဇူလိုင် ၁၆ ၊ Horizons

နေပြည်တော်တွင် ဇူလိုင်လ ၁၄ ရက် (အင်္ဂါနေ့) က ပြုလုပ်ခဲ့သည့် တရားရုံးအဆင့်ဆင့်၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားစီရင်ရေးကဏ္ဍတွင် နည်းပညာသစ်များ၊ အထူးသဖြင့် AI (Artificial Intelligence) စနစ်ကို စတင်အကောင်အထည်ဖော် အသုံးပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ထုတ်ဖော်ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် AI နည်းပညာကို တရားစီရင်ရေး၌ အသုံးပြုလာကြသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ၎င်းနည်းပညာကို အကောင်အထည်ဖော်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် တရားသူကြီးချုပ်က အမှုအခင်းများကို မှန်မှန်နှင့် မြန်မြန် စီရင်ရန် တိုက်တွန်းခဲ့ပြီး အထူးသဖြင့် 'နိုင်ငံတော်လုံခြုံရေး' ဟု ခေါင်းစဉ်တပ်ထားသော နိုင်ငံရေးအမှုများနှင့် အွန်လိုင်းလိမ်လည်မှုများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် ညွှန်ကြားခဲ့သည်။
သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ် ပြည်သူများအကြား ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံရေးအမှုများနှင့် ပတ်သက်လာလျှင် စစ်ကောင်စီ၏ အလိုကျ အမိန့်ချမှတ်နေရပြီး တရားစီရင်ရေး လွတ်လပ်မှု လုံးဝမရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ဥပဒေပညာရှင်အချို့က ထောက်ပြကြသည်။
တရားရုံးဝန်ထမ်းများအနေဖြင့် အဂတိကင်းစင်ရန်နှင့် ပြည်သူများကို ပြေပြစ်စွာ ဆက်ဆံရန် တရားသူကြီးချုပ်က ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ "ငွေမပါလျှင် အမှုမပြီး" သည့် အဂတိလိုက်စားမှုများဖြင့် နာမည်ပျက်နေသော စစ်ကောင်စီ၏ တရားစီရင်ရေးယန္တရားကို ယခု AI နည်းပညာက မည်သို့ ထိန်းကျောင်းပေးနိုင်မည်နည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
စစ်ကောင်စီ၏ တရားစီရင်ရေးဌာနက ၂၀၂၆ ခုနှစ် ပထမ (၆) လပတ်အတွင်း အမှုပေါင်း တစ်သိန်းခွဲကျော်ကို စစ်ဆေးပြီးပြတ်ခဲ့သဖြင့် အမှုပြီးပြတ်မှုနှုန်း ၁၀၁ ရာခိုင်နှုန်းကျော်ရှိကြောင်း ကိန်းဂဏန်းများဖြင့် မွမ်းမံဖော်ပြထားသည်။ သို့သော် အဆိုပါ ကိန်းဂဏန်းများသည် တရားမျှတမှုကို အမှန်တကယ် ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိနှင့် ပြည်သူလူထု ယုံကြည်ရသော စနစ်ဖြစ်၊ မဖြစ်အပေါ် ငြင်းခုံဖွယ်ရာများ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် အဂတိလိုက်စားမှုများနှင့် နာမည်ပျက်နေသော လက်ရှိ တရားစီရင်ရေးစနစ်တွင် AI စနစ်ကို အသုံးပြုခြင်းသည် ပြည်သူများအတွက် အမှန်တကယ် တရားမျှတမှု ရရှိလာစေမည်လား (သို့မဟုတ်) ဤနည်းပညာကို အသုံးချ၍ ပြည်သူလူထုအပေါ် ဖိနှိပ်မှုများကို ပိုမိုစနစ်တကျ လုပ်ဆောင်လာမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။



Comments