top of page
Logo-Icon.png

တရုတ်နိုင်ငံ ချုံချင်းမြို့တွင် မြေပြိုမှုဖြစ်ပွားပြီး အဆောက်အအုံများပိမိ၊ လူ (၇) ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ပိတ်မိနေသူဦးရေကို အတည်မပြုနိုင်သေး

ချုံချင်း ၊ ဇူလိုင် ၁၇ ၊ Horizons



တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချုံချင်းမြို့ရှိ ဝူးကျန်းမြစ်ဘေးတွင် ယနေ့ (ဇူလိုင်လ ၁၇ ရက်) ၌ မြေပြိုမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး လူနေအဆောက်အအုံအချို့ မြေပိမိသွားခဲ့ရာ အပျက်အစီးများအောက်တွင် ပိတ်မိနေသူဦးရေကို အတည်မပြုနိုင်သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ် လုပ်ဆောင်နေရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။



အဆိုပါ မြေပြိုမှုသည် ချုံချင်းမြို့၊ ဖုန်းရွှေခရိုင်၊ ဟန်ကျားရပ်ကွက်တွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြိုဆင်းမှုကြောင့် လူနေအဆောက်အအုံအချို့ ပြိုကျပျက်စီးသွားခဲ့ပြီး အပျက်အစီးများအောက်တွင် လူအချို့ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။


အခင်းဖြစ်ပွားရာနေရာသို့ ဒေသတွင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများ အမြန်ဆုံးရောက်ရှိလာကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းများ၏ ထုတ်လွှင့်မှုများတွင် မြင်တွေ့ရသည်။


လက်ရှိအချိန်အထိ အပျက်အစီးများအောက်မှ လူ (၇) ဦးကို ရှာဖွေကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်သော်လည်း အဆောက်အအုံများအတွင်း ပိတ်မိကျန်ရစ်နေသူ မည်မျှရှိသည်ကိုမူ တိတိကျကျ အတည်မပြုနိုင်သေးသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Comments


bottom of page