top of page
Logo-Icon.png

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၄၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

မူဆယ် ၊ ဇူလိုင် ၁၂ ၊ Horizons



တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ရွှေလီမြို့ရှိ "Xinjiang Garment" အထည်ချုပ်စက်ရုံတွင် တရားမဝင် ဝင်ရောက်နေထိုင်ကာ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄၆ ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က တရုတ်အာဏာပိုင်များက ရွှေလီ-မူဆယ် နယ်စပ်ဖြတ်သန်းသွားလာရေး နန်းတော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရန်အတွက် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးနှင့် ရွှေလီမြို့ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးတို့က ရွှေလီမြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။


တရုတ်နိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်ကြရာတွင် အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသားများကို တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ သို့သော်လည်း နယ်စပ်ခိုးပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ နေ့စဉ် တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများမှာ ရာနှင့်ချီ၍ ရှိနေဆဲဖြစ်ကြောင်း သိရသည်။


ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ် (TBP) ကိုင်ဆောင်၍ တစ်ပတ်ကတ်ဖြင့် ဝင်ရောက်သူများ၊ နယ်စပ်ခိုးပေါက်များမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများအပြင် BP စာအုပ်အနီဖြင့် သက်တမ်းလွန် နေထိုင်သူများကိုပါ တရုတ်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးကာ မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်လျက်ရှိသည်။


 ယခုကဲ့သို့ ဖမ်းဆီးခံရပြီး ပြန်လည်ပို့ဆောင်ခံရသည့် မြန်မာနိုင်ငံသားများကို တရုတ်အာဏာပိုင်များက တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကို (၁) နှစ်မှ (၅) နှစ်အထိ ပိတ်ပင်အရေးယူလေ့ရှိကြောင်း သိရှိရသည်။


Comments


bottom of page