တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် အချိန်မကျသေးကြောင်းနှင့် မြန်မာ့အရေးကို မြန်မာတို့သာ ဦးဆောင်ရမည်ဖြစ်ကြောင်း SCEF ထုတ်ပြန်
- Horizons News

- 3 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် အခြေအနေမပေးသေးကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာနိုင်ငံသားများကသာ ဦးဆောင်ရမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်သော SCEF အဖွဲ့သည် မကြာသေးမီက ထိုင်းနိုင်ငံတွင် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ သဘောထားရပ်တည်ချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယခုတွေ့ဆုံမှုသည် စစ်ကောင်စီကိုယ်စားလှယ်များနှင့် အတူတကွ တွေ့ဆုံခဲ့ခြင်း လုံးဝမဟုတ်ဘဲ အာဆီယံနှင့်သာ သီးသန့်တွေ့ဆုံကာ အာဆီယံဘုံသဘောတူညီချက် (၅) ချက်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် လိုအပ်ချက်များကို အမြင်ချင်းဖလှယ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။ အာဆီယံအနေဖြင့် ထုတ်ပြန်ချက်များ ထပ်ခါတလဲလဲ ထုတ်နေရုံဖြင့် မြေပြင်အခြေအနေ ပြောင်းလဲမည်မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အကြမ်းဖက်မှုများ လျှော့ချခြင်း စသည့် လက်တွေ့ကျသော အကောင်အထည်ဖော်မှုများ ရှိရန် လိုအပ်သည်ဟု SCEF က ထောက်ပြထားသည်။
ထို့ပြင် စစ်အာဏာရှင်များသည် ယခုအချိန်ထိ နိုင်ငံရေးဆန္ဒပြသခြင်း မရှိသေးကြောင်းနှင့် ဆွေးနွေးပွဲအတွက် ယုံကြည်မှုတည်ဆောက်ရန် လေကြောင်းတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ခြင်း၊ အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှုရပ်စဲခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများ ဝင်ခွင့်ပြုခြင်းတို့ကို စစ်ကောင်စီဘက်က လက်တွေ့လုပ်ပြရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။
လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားသည် နေပြည်တော်တစ်ခုတည်းတွင်သာ မရှိတော့ဘဲ တိုင်းပြည်၏ နေရာအများအပြား၌ ဒေသကိုယ်စားပြုအာဏာပိုင်များက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လုံခြုံရေးတို့ကို ဆောင်ရွက်နေပြီဖြစ်ရာ အချိန်မတန်မီ နိုင်ငံရေးပုံမှန်ဖြစ်အောင် အတင်းအကျပ် ကြိုးပမ်းခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
နိုင်ငံတကာနှင့် ဒေသတွင်း မိတ်ဖက်များ၏ ကူညီပံ့ပိုးမှုကို ကြိုဆိုသော်လည်း မြန်မာ့အရေး နိုင်ငံရေးရလဒ်များကို ပြင်ပမှ ကြိုတင်သတ်မှတ်ခြင်း၊ အလျင်အမြန် တွန်းအားပေးခြင်းများ မပြုလုပ်သင့်ဘဲ မြန်မာနိုင်ငံသားများသာ ပိုင်ဆိုင်ပြီး ဦးဆောင်သည့် လုပ်ငန်းစဉ် (Myanmar-owned Process) သာ ဖြစ်ရမည်ဟု ဆိုသည်။
SCEF အနေဖြင့် တရားဝင် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများ စတင်ရန် အဆင့်မရောက်သေးကြောင်း အကဲဖြတ်ထားပြီး လက်ရှိအချိန်တွင် နိုင်ငံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကိုသာ လုပ်ဆောင်ရမည်ဟု ပြောဆိုထားသည်။
အချုပ်အားဖြင့် SCEF ၏ ရည်မှန်းချက်မှာ ယခင်နိုင်ငံရေးအခြေအနေအတိုင်း ပုံမှန်ပြန်ဖြစ်ရေး မဟုတ်ဘဲ စစ်တပ်၏ နိုင်ငံရေးလွှမ်းမိုးမှုကို အပြီးတိုင်အဆုံးသတ်ကာ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော "ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု" တည်ဆောက်ရေးပင်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် အလေးပေး ဖော်ပြထားသည်။











Comments