top of page
Logo-Icon.png

ထိုင်းတောင်ပိုင်း၊ ပတ္တနီမြို့ရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်တွင် လက်နက်ကိုင်များက လူများကို အရင်ရွှေ့ပြောင်းခိုင်းပြီးနောက် ဗုံး(၃)ကြိမ် ဆက်တိုက်ဖောက်ခွဲသွားခဲ့သော်လည်း ထိခိုက်သူမရှိ

ပတ္တနီ ၊ ဩဂုတ် ၃၁ ၊ Horizons



ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တနီခရိုင်၊ မူအန်ပတ္တနီမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ကြီးတစ်ခုတွင် ပြီးခဲ့သည့် ဩဂုတ်လ(၃၀ ရက်)ညနေပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာပြီး လူများကိုအရင်စွန့်ခွာခိုင်းခဲ့ကာ ဗုံး(၃)ကြိမ် ဆက်တိုက်ဖောက်ခွဲသွားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်ရပ်သည် မနေ့က ဩဂုတ် ၃၀ ရက် ညနေ(၆)နာရီ (၄၀) မိနစ် အချိန်ခန့်က ဘနာမြို့နယ်၊ဘနာလမ်းဆုံအနီးရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ဆိုင်အတွင်းသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဝင်ရောက်လာကြောင်း သတင်းရရှိသည်နှင့်တပြိုင်နက် ရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့အမြန်ဆုံးသွားရောက်ခဲ့ကြသည်။


ကနဦးစုံစမ်းဖော်ထုတ်ချက်များအရ အော်တိုမက်တစ်ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားကြသည့် လက်နက်ကိုင်အမျိုးသား(၃)ဦးမှ(၄)ဦးခန့်သည် ဘေးတွဲတပ်ဆင်ထားသောဆိုင်ကယ်တစ်စီးဖြင့် အဆိုပါဆောက်လုပ်ရေးဆိုင်၏ဂိုဒေါင်အတွင်းသို့ အတင်းအကျပ်မောင်းနှင်ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ ရောက်ရှိလာကြပြီးနောက် အဆိုပါလက်နက်ကိုင်အဖွဲ့သည် ဆိုင်အတွင်းရှိနေကြေသော ဆိုင်ဝန်ထမ်းများနှင့်ပစ္စည်းလာဝယ်ကြသူပြည်သူများကို လက်နက်များပြကာ ခြိမ်းခြောက်ခဲ့ကြပြီး အဆောက်အအုံအတွင်းမှချက်ချင်းထွက်ခွာကြရန် အမိန့်ပေးနှင်ထုတ်ခဲ့ကြကြောင်း မျက်မြင်သက်သေများက ထွက်ဆိုကြသည်။


ထိတ်လန့်တုန်လှုပ်နေကြသည့်လူများမှာ ဆိုင်အတွင်းမှ အမြန်ဆုံးထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ နေရာတစ်ခုလုံးလူရှင်းသွားခဲ့ပြီး မကြာမီမှာပင်အဆောက်အအုံအတွင်း၌ ဗုံးပေါက်ကွဲမှု(၃)ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့သည်။


ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဂိုဒေါင်အနီးတစ်ဝိုက်နှင့်ဆိုင်အဆောက်အအုံ အချို့ ပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ရသော်လည်း ပေါက်ကွဲမှုမဖြစ်ပွားမီ လူများကိုအစောကတည်းက ဘေးလွတ်ရာသို့အပြေးအလွှားရွှေ့ပြောင်းခိုင်းခဲ့ကြခြင်းကြောင့် ကနဦးသတင်းများအရ လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းသိရှိရသည်။


ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာကို ချက်ချင်း တင်းကျပ်စွာပိတ်ဆို့ခဲ့ကြပြီး ပြည်သူများအနီးသို့ လုံးဝမကပ်ရောက်နိုင်ရန်လမ်းကြောင်းများကို ထိန်းချုပ်ခဲ့ကြသည်။ထို့အပြင် (EOD) ဖောက်ခွဲရေးပစ္စည်း ရှာဖွေရှင်းလင်းရေးအဖွဲ့များကိုပါ အခင်းဖြစ်နေရာသို့အရေးပေါ်စေလွှတ်ခဲ့သည်။


အထူးသဖြင့် လက်နက်ကိုင်အဖွဲ့များထားရစ်ခဲ့ပြီးထွက်ပြေးသွားခဲ့ကြသည်ဟု ယူဆရသော ဘေးတွဲဆိုင်ကယ်ကို လုံခြုံရေးတပ်ဖွဲ့များက အနီးကပ်စစ်ဆေးမှုများပြုလုပ်လျက်ရှိနေပြီး ဆိုင်ကယ်အတွင်းနှင့်အနီးတစ်ဝိုက်တွင် အခြားသောအပိုဖောက်ခွဲရေးပစ္စည်းများ ထပ်မံကျန်ရှိနေသေးခြင်း ရှိ၊ မရှိကိုပါ ဆက်လက်ရှာဖွေစစ်ဆေးနေကြသည်။


တာဝန်ရှိသူများ၏သုံးသပ်ချက်အရ ယခုကဲ့သို့လုပ်ဆောင်မှုသည် ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်ခရိုင်များတွင် မတည်ငြိမ်မှုများနှင့်ဒေသခံပြည်သူများအကြားစိုးရိမ်ကြောက်ရွံ့မှုများ ပိုမိုဖြစ်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့်ကျူးလွန်ခဲ့သည့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်နိုင်ကြောင်း ဆိုသည်။


ပတ္တနီခရိုင်အပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်း မူဆလင်အများစုနေထိုင်ကြသည့် နယ်စပ်ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုအခြေအနေများမှာ နှစ်ပေါင်းများစွာကြာအောင် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။အထူးသဖြင့် ပတ္တနီ၊ ယာလာ၊ နာရာသီဝပ်နှင့် ဆုံခလာ ခရိုင်အချို့တို့တွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ် တိုက်ခိုက်မှုများနှင့်ဗုံးခွဲမှုဖြစ်စဉ်များ အခါအားလျော်စွာဖြစ်ပွားလေ့ရှိသည်။


ယခုဖြစ်စဉ်တွင် လက်နက်ကိုင်များကလူများကို အရင်ဆုံးထွက်ခွာခွင့်ပေးခဲ့ပြီးမှ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူအသေအပျောက်မရှိခဲ့ခြင်းမှာ ကံကောင်းထောက်မစွာဖြင့်အရေးပါလှသည့် အချက်တစ်ရပ်ဖြစ်သော်လည်း အများပြည်သူသွားလာလှုပ်ရှားရာနေရာများတွင် ယခုကဲ့သို့ အလွယ်တကူဖောက်ခွဲရေးပစ္စည်းများအသုံးပြုလာနိုင်ခြင်းက ဒေသတွင်းလုံခြုံရေးအန္တရာယ်များ ဆက်လက်ကြီးမားစွာရှိနေဆဲဖြစ်ကြောင်းကို ထပ်မံသတိပေးနေပေသည်။


ထို့ကြောင့်ရဲတပ်ဖွဲ့က ဘနာလမ်းဆုံနှင့်အနီးတစ်ဝိုက်ဒေသများသို့ မလိုအပ်ဘဲသွားလာခြင်း မပြုကြရန် ပြည်သူများကို တင်းကျပ်စွာသတိပေးထားပြီး လက်ရှိတွင်လုံခြုံရေးစစ်ဆေးမှုများနှင့် သက်သေခံပစ္စည်းများစုဆောင်းရှာဖွေရေးလုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရသည်။


Photo - Thai PBS World



Comments


bottom of page