နီပေါတွင် ရေကြီးမှုကြောင့် ရေအားလျှပ်စစ် စီမံကိန်းများ၌ အလုပ်သမား ၉၀၀ ကျော် ပိတ်မိနေ
- Horizons News

- 4 hours ago
- 1 min read
ဩဂုတ် ၃၁၊ Horizons

နီပေါနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သည့် ရေကြီးမှုများကြောင့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုမှာ အလုပ်သမား ၉၃၃ ဦး ပိတ်မိနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အာဏာပိုင် အဖွဲ့က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပိတ်မိနေသည့် အလုပ်သမားများကို ကယ်ထုတ်နိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များ က ကြိုးပမ်းလျက်ရှိကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြထားသည်။အဆိုပါ ရေကြီးမှုများကြောင့် နီပေါနိုင်ငံတစ်ဝှမ်းရှိ လမ်းများ၊ တံတားများနှင့် အခြေခံအဆောက် အအုံများ ပျက်စီးခဲ့ရပြီး ရေဘေးသင့် ဒေသအချို့သို့ သွားရောက်သည့် လမ်းကြောင်းများ ပြတ်တောက် သွားခဲ့သည်။
ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ပျောက်ဆုံးနေသူများကို ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင် လျက်ရှိသလို ရေအားလျှပ်စစ် စက်ရုံများနှင့် အခြား အဓိက အခြေခံအဆောက်အအုံများ၏ ပျက်စီးဆုံးရှုံး မှုကို အာဏာပိုင်များက စစ်ဆေးလျက်ရှိသည်။
ယခု ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်မှာ ဟိမဝန္တာတောင်တန်းဒေသရှိ ရေခဲတောင် ပြိုကျမှု ကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး နီပေါနှင့် တိဘက် နယ်စပ်တစ်လျှောက်ရှိ မြစ်ဝှမ်းဒေသများကို ရေစီးကြောင်း များ ရုတ်တရက် ဒလဟော စီးဝင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရေကြီးမှုကြောင့် ဘိုတေကိုရှီနှင့် တရီရှူလီမြစ်ဝှမ်းဒေသများရှိ ရေအားလျှပ်စစ် စီမံကိန်း ဥမင်လိုဏ်ခေါင်းများအတွင်းသို့ ရွှံ့နွံများနှင့် အပျက်အစီးများ ဝင်ရောက်ခဲ့ကာ အလုပ်သမား အများအပြား ပိတ်မိသွားခဲ့ရသည်။
ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသူများထံ အောက်ဆီဂျင်နှင့် အစားအစာများ ပို့ဆောင်နိုင် ရန်အတွက် နီပေါစစ်တပ်က တူးဖော်ရေး ကိရိယာများကို အသုံးပြုကာ ကြိုးပမ်းလျက်ရှိသည်။
ဥမင်လိုဏ်ခေါင်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီပေးနိုင်ရန်အတွက် အိမ်နီးချင်း အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ရေကြီးမှုကြောင့် နီပေါနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် လူပေါင်း ၇၀၀ ကျော် သေ ဆုံးခဲ့ပြီး ၁,၃၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြသည်။
သဘာဝဘေး ဖြစ်ပွားရာ ဒေသများ၌ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ကွန်ရက်များ ပျက်စီးနေသဖြင့် ပျောက်ဆုံးနေသူများ၏ အခြေအနေနှင့် စာရင်းအတိအကျကို အတည်ပြုနိုင်ရန် အာ ဏာပိုင်များ အခက်တွေ့လျက်ရှိသည်။
News: Anadolu
Photo: CNN & Reuters



Comments