ထိုင်းတွင် ရောဂါလက္ခဏာကို မှားယွင်းယူဆကာ ECG နှလုံးစစ်ဆေးမှု ငြင်းဆိုခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံး၊ တာဝန်ကျဆရာဝန် အလုပ်ထုတ်ခံရ
- Horizons News

- 17 hours ago
- 1 min read
ရက်ချ်ဘူရီ ၊ ဇူလိုင် ၂၀ ၊ Horizons

ထိုင်းနိုင်ငံ၊ ရက်ချ်ဘူရီခရိုင်၊ ဘန်ပွန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လူနာ၏ ရောဂါလက္ခဏာကို သာမန်စိတ်ဖိစီးမှု (Panic Attack) ဟု မှားယွင်းယူဆကာ မိသားစုက နှလုံးစစ်ဆေးမှု (ECG) ပြုလုပ်ပေးရန် တောင်းဆိုချက်ကို ငြင်းဆိုခဲ့သဖြင့် အသက် (၃၀) အရွယ် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့က အဆိုပါ အမျိုးသားသည် လက်ချောင်းများမှတစ်ဆင့် ဘယ်ဘက်ရင်အုံအထိ ပြင်းထန်စွာ နာကျင်ပြီး ချွေးစေးများထွက်လာသည့်အတွက် ယင်းပုဂ္ဂလိကဆေးရုံသို့ သွားရောက်ပြသခဲ့ခြင်းဖြစ်သည်။
သို့သော် တာဝန်ကျဆရာဝန်က လူနာ၏ဝေဒနာကို စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသည့် လက္ခဏာဟုသာ သုံးသပ်ခဲ့ပြီး မိသားစုဝင်များက နှလုံးစစ်ဆေးမှု (ECG) ပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆရာဝန်က ပြုလုပ်ပေးရန် ငြင်းဆိုခဲ့သည်။
ထို့နောက် လူနာသည် ဆေးရုံမှ အိမ်သို့ပြန်ရောက်ပြီး နာရီပိုင်းအကြာတွင် ရုတ်တရက် လဲကျသေဆုံးသွားခဲ့ရသည်။ ၎င်း၏ ရုပ်အလောင်းကို စစ်ဆေးကြည့်ရှုရာတွင် ပင်မသွေးကြောကြီး (၂) ချောင်း ပိတ်နေသည့် ပြင်းထန်နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
အဆိုပါ ရောဂါအဖြေကို မှားယွင်းစွာ ထုတ်ပြန်ခဲ့သည့် ဆရာဝန်သည် အသက် (၇၀) အရွယ် ရှိပြီဖြစ်သည့် ဝါရင့်ဆရာဝန်တစ်ဦးဖြစ်ပြီး ယင်းဆေးရုံတွင် ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ ဇနီးဖြစ်သူ Influencer Kru Sai က "အချိန်မီ လုံလောက်တဲ့ ကုသမှုသာ ရရှိခဲ့ရင် အခုလို သေဆုံးရတဲ့ ရလဒ်မျိုး မဟုတ်ဘဲ ဒီထက်ပိုကောင်းတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်" ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ရာမှ ပြည်သူများအကြား ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။
တာဝန်ကျဆရာဝန်သည် လူနာမိသားစုအပေါ် မချေမငံ ပြောဆိုဆက်ဆံခဲ့သည့်အပြင် ဆေးရုံ၏ စည်းမျဉ်းနှင့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကိုပါ ချိုးဖောက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇူလိုင်လ (၁၉) ရက်နေ့တွင် အဆိုပါဆရာဝန်အား ဆေးရုံရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။
ယခုဖြစ်စဉ်၏ မှားယွင်းမှုများနှင့် ပတ်သက်၍ သေဆုံးသူ မိသားစုအား အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ ဝေဖန်ထောက်ပြချက်၊ အကြံပြုချက်များကိုလည်း ဝမ်းမြောက်စွာ လက်ခံသွားမည်ဖြစ်ကြောင်း ဆေးရုံဘက်မှ တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။



Comments