top of page
Logo-Icon.png

ထိုင်းတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ကာ မြန်မာအမျိုးသမီးတစ်ဦးကို ၇ ရက်ကျော် ချုပ်နှောင်အဓမ္မပြုကျင့်ခဲ့သူအား ရဲတပ်ဖွဲ့ ရှာဖွေနေ

နခွန်ပထုမ် ၊ ဇူလိုင် ၁၃ ၊ Horizons



ထိုင်းနိုင်ငံ၊ နခွန်ပထုမ်ခရိုင်တွင် အလုပ်အကိုင်ရရှိမည်ဟု သွေးဆောင်လိမ်လည်ကာ မြန်မာအမျိုးသမီးတစ်ဦးကို ၇ ရက်ကျော်ကြာ နေအိမ်အတွင်း ပိတ်လှောင်၍ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ ကျူးလွန်သူကို ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဘေးဒုက္ခရောက်နေသည့် အသက် ၂၆ နှစ်အရွယ် မွန်တိုင်းရင်းသူ မြန်မာအမျိုးသမီးသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် အဖြူရောင် Honda ဆိုင်ကယ်တစ်စီးဖြင့် နခွန်ပထုမ်မြို့ရှိ ထိုင်းတော်ဝင်ကြည်းတပ်၏ Thong Tee Khayu စစ်စခန်းအတွင်းသို့ ဝင်ရောက်ကာ အကူအညီတောင်းခံခဲ့ရာမှ ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။



စခန်းသို့ ရောက်ရှိချိန်တွင် အဆိုပါ အမျိုးသမီးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီး ထိုင်းဘာသာစကားလည်း မပြောတတ်သဖြင့် သူမ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လက်ထိပ်ခတ်ပေးရန် အမူအရာဖြင့် အကူအညီတောင်းခံခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူများက ပြောပြသည်။


စစ်တပ်မှ တာဝန်ရှိသူများက သူမကို လုံခြုံစိတ်ချရသည့်နေရာတွင် ထားရှိကာ စိတ်တည်ငြိမ်အောင် ကူညီပေးခဲ့ပြီး ဘာသာပြန်တစ်ဦး ခေါ်ယူမေးမြန်းပြီးနောက် နခွန်ပထုမ် မြို့မရဲစခန်းသို့ ဆက်သွယ်ကာ ဥပဒေအရ ဆက်လက်လုပ်ဆောင်နိုင်ရန် လွှဲပြောင်းပေးခဲ့သည်။


နစ်နာသူ အမျိုးသမီး၏ ထွက်ဆိုချက်အရ သူမသည် Facebook မှတစ်ဆင့် မြန်မာအမျိုးသားတစ်ဦးနှင့် သိကျွမ်းခဲ့ပြီး ၎င်းက နခွန်ပထုမ်ခရိုင်တွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကန်ချနဘူရီခရိုင်၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှတစ်ဆင့် ပွဲစားအကူအညီဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။


နခွန်ပထုမ်သို့ ရောက်ရှိပြီးနောက် ထိုမြန်မာအမျိုးသားက သူမကို နေအိမ်အတွင်း ၇ ရက်ကျော်ကြာ ပိတ်လှောင်ထားပြီး အပြင်ထွက်ခွင့်မပေးဘဲ ဇနီးမယားအဖြစ် အဓမ္မပြုကျင့်ကာ ကိုယ်ထိလက်ရောက် နှိပ်စက်စော်ကားခဲ့ကြောင်း ထွက်ဆိုထားသည်။


ပြစ်မှုကျူးလွန်သူ အမျိုးသား အရက်သောက်ပြီး အိပ်ပျော်နေချိန်တွင် နစ်နာသူအမျိုးသမီးက ၎င်း၏ ဖုန်းနှင့် ဆိုင်ကယ်သော့ကို ယူကာ အသက်လု ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်ဆီတိုင်ကီတွင် ဘတ် ၃၀ ဖိုး ဆီဖြည့်ပြီး လမ်းမသိဘဲ မောင်းနှင်လာစဉ် စစ်တပ်စခန်းကို တွေ့ရှိ၍ ဝင်ရောက်အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။


ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သူမ စီးနင်းလာသည့် ဆိုင်ကယ်သည် ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းက Kamphaeng Saen ရဲစခန်းတွင် ပျောက်ဆုံးကြောင်း တိုင်ချက်ဖွင့်ထားသည့် ဆိုင်ကယ်ဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့် ကျူးလွန်သူ မြန်မာအမျိုးသားသည် အဆိုပါဆိုင်ကယ်ကိုပါ ခိုးယူထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။


လတ်တလောတွင် ရဲတပ်ဖွဲ့က ဆိုင်ကယ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပြီး နစ်နာသူ မြန်မာအမျိုးသမီးကိုမူ ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အောက်တွင်ထားရှိကာ အမှုအသေးစိတ်ကို ဆက်လက်စစ်ဆေးနေသည်။ 


ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ မြန်မာအမျိုးသားကို လူကုန်ကူးမှု၊ တရားမဝင် ချုပ်နှောင်ထားမှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အစရှိသည့် ရာဇဝတ်မှုများဖြင့် ဖမ်းဆီးအရေးယူနိုင်ရန် ရဲတပ်ဖွဲ့က အထောက်အထားများ စုဆောင်းကာ အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


Comments


bottom of page