top of page
Logo-Icon.png

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) အချို့နှင့် တွေ့ဆုံမည်

ပတ္တရား ၊ ဇူလိုင် ၁၃ ၊ Horizons



ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး လာဇရိုနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့သည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) အချို့နှင့် ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သံတမန်သတင်းရင်းမြစ်များထံမှ သိရသည်။


ချင်းမိုင်အခြေစိုက် သံတမန်သတင်းရင်းမြစ်များ၏ ကနဦးရရှိထားသော အချက်အလက်များအရ ယင်းဆွေးနွေးပွဲသို့ K2C အဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။ 


အဆိုပါ တွေ့ဆုံမှုတွင် EROs များကို တစုတစည်းတည်း တွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ လုံခြုံရေးအကြောင်းပြချက်အရ ပတ္တရားမြို့သို့ ခေါ်ယူကာ သီးခြားစီ ခွဲ၍တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။


အာဆီယံရေးရာကျွမ်းကျင်သူနှင့် နိုင်ငံရေးအကဲခတ် ဦးဝင်းမင်းကမူ ထိုင်းအစိုးရအနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံကာ မြန်မာ့အရေးဆွေးနွေးပွဲများကို ဦးဆောင်နေပြီး နေပြည်တော်နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်နေသည့်ပုံစံ ပေါ်လွင်နေကြောင်း သုံးသပ်ထားသည်။


ထို့ပြင် ယခုကဲ့သို့ သက်ဆိုင်သူအားလုံးကို မဖိတ်ကြားဘဲ ထိုင်းနယ်စပ်အနီးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုသာ ရွေးချယ်ဖိတ်ခေါ်ခြင်းမှာ နယ်စပ်ဒေသရှိ ဒုက္ခသည်ပြဿနာနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာများကို ဖြေရှင်းလိုသည့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကိုသာ ဦးစားပေးခြင်းဖြစ်ကာ ယခုလို သီးခြားစီ တွေ့ဆုံမှုသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ချန်လှပ်ထားရာရောက်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။


မြန်မာ့အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ လက်ရှိတက်ကြွစွာ ပါဝင်နေမှုသည် ၎င်းတို့နိုင်ငံ၏ ပထဝီဝင်နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ စဉ်းစားချက်များနှင့် တိုက်ရိုက်ချိတ်ဆက်နေသည့်အပြင် မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်သော အဓိက အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ပုံဖော်လိုခြင်းကြောင့်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်အချို့က သုံးသပ်ပြောဆိုထားသည်။ 


ယခု ဆွေးနွေးပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အသေးစိတ် သိရှိနိုင်ရန် သတင်းမီဒီယာများက ဆက်သွယ်မေးမြန်းထားသော်လည်း တရားဝင် ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။



Comments


bottom of page